ထိုင်းမှာ မြန်မာ လုံခြုံရေးအစောင့် ၁၀၀ကျော် အလုပ်ဖြုတ်ခံရ

  • 8 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဝ တိုးတက်လာစေရေး ထိုင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်း

ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့မှာ လောဘောဖော လို့ ခေါ်တဲ့ တံခါးမှူး လုံခြုံရေး အစောင့် လုပ်နေသူ မြန်မာ အလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။

လုံခြုံရေး အစောင့် အလုပ်ကို လုပ်ကိုင်သူဟာ ထိုင်းနိုင်ငံသား ဖြစ်ဖို့ လိုအပ်ပြီး ပညာအရည်အချင်း အပါအဝင် ကန့်သတ်မှု စည်းမျဉ်းတွေကို ထိုင်းဥပဒေအရ ပြဌာန်းထားပါတယ်။

ဒီပြဌာန်းချက်ကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့တာ ဖြစ်ပေမယ့် စျေးပေါတဲ့ မြန်မာ အလုပ်သမားတွေကိုပဲ ထိုင်း အလုပ်ရှင်တွေက ဆက်ငှားရမ်းထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီး နောက်ပိုင်းမှာ အခုလို လုံခြုံရေး အစောင့် မြန်မာ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် အလုပ်ထုတ် ခံခဲ့ရတာ ဖြစ်တယ်လို့ မြန်မာ သံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC မဟာမိတ် ပြောခွင့်ရသူ ကိုခိုင်ကြီး က ဘီဘီစီကို ပြောပါတယ်။

မြန်မာ အလုပ်သမားတွေ တရားဝင် ဖြစ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့အပြီးမှာ ထိုင်းဘက်က စိစစ်မှုတွေ လုပ်လာပြီး မြန်မာ အလုပ်သမားတွေကို နေ့တိုင်းလိုလို ဖမ်းဆီးတာတွေ လုပ်လာတယ်လို့ ဆိုပါတယ်။

ထိုင်းအလုပ်ရှင်တွေဘက်ကလည်း ကြောက်လန့်ပြီး တရားမ၀င် ခန့်ထားတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပစ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၇ရက်နေ့ကဆို အလုပ်သမား ၂၀၀ကျော်လောက် အလုပ်ရုံတွေကနေ မောင်းထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းတွေမှာ သံအရာရှိတွေ၊ အလုပ်သမားအရေး ကျွမ်းကျင်သူ အရာရှိတွေကို ထပ်တိုးခန့်ထားတာမျိုး၊ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီး အလုပ်ရှင် အလုပ်သမား ပြဿနာတွေကို ဖြေရှင်းတာမျိုး မြန်မာသံရုံးဘက်က ဖိအားပေးတာမျိုးတွေ လုပ်မယ် ဆိုရင်တော့ ထိုင်းလုပ်ငန်းရှင်တွေ ဘက်က အခွင့်အရေး အပြည့်အဝ ပေးလာဖို့ ရှိတယ်လို့ မြန်မာ သံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC မဟာမိတ် ပြောခွင့်ရသူ ကိုခိုင်ကြီး က ပြောပါတယ်။