ရက် ၁၀၀ အတွင်း ဘာတွေ လုပ်နိုင်ခဲ့သလဲ

  • 8 ဇူလိုင် 2016
DASSK and Ethnics meeting ဓာတ်ပုံ မူပိုင် AFP getty
Image caption တိုင်းရင်းသား ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေးခဲ့စဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD ဦးဆောင်တဲ့ အစိုးရသစ် အာဏာရတာ ရက်ပေါင်း ၁၀၀ ကာလ အတွင်း ထင်ထင်ရှားရှား လုပ်ဆောင် နိုင်ခဲ့တာတွေ ရှိတယ်လို့ သတင်းသမား တစ်ယောက် ဖြစ်တဲ့ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

အစိုးရသစ် ဖြစ်လာလာချင်းမှာပဲ ကျစ်လစ်တဲ့ အစိုးရ အဖြစ် ပြုပြင် ပြောင်းလဲတာ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တာနဲ့ ၂၁ ရာစု ပင်လုံ ဆိုပြီး ငြိမ်းချမ်းရေး ကိစ္စ အတွက် ကြိုးပမ်း ဆောင်ရွက်တာတွေကို အထင်အရှား တွေ့မြင်ရတယ်လို့ သူက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်မယ် ဆိုပြီး ရွေးကောက်ပွဲဝင်လာခဲ့တဲ့ NLD ပါတီဟာ တကယ်တမ်း လက်တွေ့ လုပ်ဆောင်ရာမှာတော့ ဒီကိစ္စကို ဦးစားပေး အနေနဲ့ လုပ်လို့ မရဘူးဆိုတာ သိလာရတဲ့ အတွက် ငြိမ်းချမ်းရေးကို အရင် ဦးစားပေး လုပ်ဆောင်ဖို့ ဖြစ်သွားတယ်၊ ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အဓိက အရင်ဆုံး မလုပ်နိုင်တဲ့ အကြောင်းကတော့ မြန်မာ နိုင်ငံရဲ့ လက်ရှိ အခြေအနေ၊ ပြီးခဲ့တဲ့ ကာလအတွင်း အပြောင်းအလဲ ကိစ္စတွေ၊ တပ်မတော် အနေအထား၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခြေအနေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ သဘောသဘာဝ စတာတွေအပေါ် မူတည်လို့ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တပ်မတော်က သဘောတူဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဆောင်ရွက်နိုင်ခြင်း မရှိသလို၊ လွှတ်တော်ထဲမှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေနဲ့ တခြား ဥပဒေကြမ်းတွေ ကိစ္စမှာ တပ်နဲ့ NLD ကြားမှာ ထိပ်တိုက်တွေ့တာမျိုးတွေ ရှိခဲ့တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

ဒါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ဘယ်လို သဘောတူညီချက်တွေ ရှိထားတယ်ဆိုတာ မသိနိုင်ဘူးလို့ သူက ဆိုပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ မူရှိတဲ့ NLD ပါတီ အနေနဲ့က တပ်နဲ့ နီးစပ်လွန်းရင်လည်း ငြိမ်းချမ်းရေး ကိစ္စ လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်းတဲ့ အခါ အခက်အခဲ ရှိနိုင်သလို တပ်နဲ့ ထိပ်တိုက်တွေ့ပြန်ရင်လည်း ငြိမ်းချမ်းရေးက အလှမ်းဝေးနိုင်တဲ့ အတွက် မျှတတဲ့ နည်းလမ်းနဲ့ သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မွန် အမျိုးသား ပါတီ ဥက္ကဌ နိုင်ငွေသိန်းကတော့ NLD အစိုးရဟာ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ အခုချိန်ထိ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့တာ မရှိသေးဘူးလို့ ပြောပါတယ်။

အခြေခံ ဥပဒေ မပြင်နိုင်ဘဲနဲ့ တိုင်းရင်းသား အရေး၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်လို့ မရနိုင်ဘူးလို့လည်း သူကပြောပါတယ်။

NLD အနေနဲ့ ဖက်ဒရယ်မူအရ တိုင်းရင်းသားတွေ တန်းတူညီမျှရေးကို ဆောင်ရွက်သင့်တယ်၊ တိုင်းရင်းသား အရေးကို လုပ်မယ် ဆိုရင် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း လုပ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ