ချင်းတွင်းမြစ်ကြောင်းမှာ ရေယာဉ်တွေ ၃ရက် ရပ်နားထားမယ်။

  • 10 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် moi
Image caption ချင်းတွင်းမြစ် အထက်ပိုင်းမှာ ရေကျသွားပြီ ဖြစ်ပေမယ့် မြစ်အောက်ပိုင်းမှာ စိုးရိမ် ရေမှတ် အထက်မှာ ရှိနေသေးဆဲ။

မြန်မာနိုင်ငံတဝှမ်း မိုးကြီးရာကနေ မြစ်ရေတွေ လျှံတက်နေတာကြောင့် ချင်းတွင်း မြစ်ကြောင်းမှာ မုံရွာကနေ အခြေပြု သွားလာနေတဲ့ ခရီးသည်တင် မော်တော်ယာဉ် ပြေးဆွဲမှုတွေကို ဇူလိုင်လ ၁၁ရက်ကစပြီး အနည်းဆုံး ၃ရက် ရပ်နားဖို့ အစိုးရက ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ချင်းတွင်းမြစ် အထက်ပိုင်းက မြို့တွေမှာတော့ စိုးရိမ်ရေမှတ် အောက်ကို ပြန်ကျပေမယ့် မြစ်အောက်ပိုင်း ကလေးဝ၊ မင်းကင်းမြို့တွေမှာတော့ စိုးရိမ်ရေမှတ် အထက်မှာပဲ ရှိပါသေးတယ်။

ကလေးဝမှာ ရေတက်တာ တနင်္ဂနွေနေ့က စလို့ ရပ်သွားပြီး ဖြစ်ပေမယ့် မင်းကင်းမြို့မှာတော့ အိမ်ထောင်စု တချို့ ရေလွတ်ရာကို ပြောင်းရွှေ့ ခဲ့ရပါတယ်။

ဆိပ်ကမ်းဘက်ပိုင်းမှာ ရေတွေ ဝင်လာနေတဲ့အတွက် ရေနိမ့်တဲ့ ရပ်ကွက် ၃ က အိမ်ထောင်စု တချို့ တောင်ပေါ် ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့ ခိုလှုံခဲ့ရတယ်လို့ မင်းကင်း မြို့ခံ ဦးဆောင်းဖေက ပြောပါတယ်။ ဒီနှစ်ရက် သုံးရက် အတွင်း မှာတော့ ချင်းတွင်းမြစ် အထက်က ရေတွေဟာ တောက်လျှောက် အောက်ကို စီးလာဖို့ ရှိပါတယ်။

တခါ မုံရွာမြို့မှာလည်း ချင်းတွင်း မြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်ဖို့ ၅ စင်တီမီတာ လောက်ပဲ လိုပါတော့တယ်။

ချင်းတွင်းမြစ်တလျှောက် မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စတဲ့ မြို့တွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ရေယာဉ်တွေနဲ့ ကုန်တင် ရေယာဉ်တွေကို ဇူလိုင်လ ၁၁ရက်၊ ၁၂ရက်နဲ့ ၁၃ရက်နေ့ တွေမှာ ၃ရက် ရပ်နားထားမယ်လို့ မုံရွာအခြေပြု ပုဂ္ဂလိ ကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီက ဌာနမှူး ဦးသောင်းညွန့်က ဘီဘီစီကို ပြောပါတယ်။

ပဲခူးဘက်မှာလည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ အဆိုအရ ပဲခူး မြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်ဖို့ တပေသာ လိုတော့ပြီး လာမယ့် ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ် ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ပဲခူးမြစ်ဘေး အနည်းဆုံး ရပ်ကွက် ၇ခု လောက်က အိမ်တွေမှာ ရေတွေ ဝင်နေပြီး စိုးရိမ်ရေမှတ် ကျော်မှသာ ကယ်ဆယ်ရေး စခန်းဖွင့်ဖို့ ရှိတယ်လို့ သိရပါတယ်။