မြန်မာနိုင်ငံ တဝန်း မိုးရေကြီး

  • 11 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် afp
Image caption ဆည် တမံတွေ ချောင်းတွေ ဘေးမှာ ရှိတဲ့ ရွာတွေ ကတော့ စိုးရိမ် မှုတွေ ရှိနေပါတယ်

မြန်မာ နိုင်ငံမှာ ရေဘေး ရင်ဆိုင်နေရတဲ့ တိုင်းဒေသကြီး အချို့ မှာ မိုးဆက် ကြီးနိုင်တဲ့ အခြေ အနေရှိ ပြီး မနှစ်က ရေဘေး ဒဏ် ခံရတဲ မြန်မာ ပြည် အလယ်ပိုင်း ဒေသ တချို့ မှာ လူတွေ ပြောင်းရွှေ့ ခဲ့ရ ပါပြီ။

ချင်းတွင်းမြစ် အထက်ပိုင်းက ရေကြီးတဲ့ မြို့တွေမှာ ရေတွေ ပြန်ကျ လာပေမဲ့ ဧရာဝတီ မြစ်ဘေးက ညောင်ဦး မှာ သတိထားဖို့ လို သလို ငဝန် မြစ်ဘေးက ငါးသိုင်းချောင်း မြို့လည်း သတိရှိဖို့ လိုတယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ညွန်ကြားမှူး ဦးစီး ဌာနက ပြောပါတယ်။

ဒါ့အပြင် ရေဘေး ရင်ဆိုင် နေရတဲ့ ဒေသ တချို့မှာ နောက်နှစ်ရက်လောက် အထိ မိုးဆက် ရွာနိုင်တဲ့ အခြေ အနေ တွေ ရှိတယ် လို့ မိုးဇလ ညွန်ကြားမှူး ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

ရခိုင် နဲ့ ချင်းဘက်က ရိုးမတွေ မြစ်ဖျားခံ ပြီး စီးနေတဲ့ မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်း ထဲက ဆည် တမံတွေ ချောင်းတွေ ဘေးမှာ ရှိတဲ့ ရွာတွေ ကတော့ စိုးရိမ် မှုတွေ ရှိနေ ပါတယ်။

အဲဒီ အနီးမှာ ကြီးအုံ ကြီးဝ တမံ မုန်းတမံ စေတုတ္တရာ တမံ တွေ ရှိနေတာပါ။ တမံ တွေက ရေ မပြည့်သေး ပေမဲ့ အနီး နေရာ တစ်ချို့မှာ တော့ ရေလွှမ်း နေပြီ ဖြစ်ပါတယ်။

မနှစ်တုန်းက မြို့လည်မှာ ၁၂ ပေ လောက် အထိ ရေတက် ခဲ့တဲ့ မကွေးတိုင်း စေတုတ္တရာ မှာလည်း ရေတွေ တက်လာ တဲ့ အရိပ် အရောင် မြင်နေရ လို့ အနိမ့် ပိုင်းက လူတွေ ပြောင်းကုန် ကြပြီလို့ မြို့ခံ တဦးက ဘီဘီစီကို ပြောပါတယ်။

စိုက်ပျိုးရေး မွေးမြူရေး နဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဟာ စေတုတ္တရာ ကို သွားပြီး ဒေသခံ တွေကို ဆည်တွေ အတွက် မစိုးရိမ်ကြ ဖို့ ကို ရှင်းပြဖို့ ရှိ နေပါတယ်။

မိုးဇလ ဘက်ကတော့ နောက်ရက် တွေမှာ ဒေသ တချို့ မိုးအား လျော့လာ နိုင်ပေမယ့် ရာသီ ဥတု ပြောင်းလဲ မှု ဖြစ်စဉ်တွေဟာ နေ့စဉ် ပြောင်းလဲ နေတာ ကြောင့် လူတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ပြီး အမြဲ သတိ ရှိနေဖို့ လိုအပ်တယ် လို့ ပြောကြားသွား ပါတယ်။