အမျိုးသမီးငယ်တွေကို ကာကွယ်ဖို့ ဒုသမ္မတပြော

  • 11 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ နိုင်ငံမှာ အသက် ၁၀ နှစ်မှ ၁၉ နှစ် အတွင်း အမျိုးသမီးငယ် စုစုပေါင်း (၅) သန်း ခန့် ရှိ

ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ်မှာ မြန်မာ နိုင်ငံက ဆယ်ကျော်သက် မိန်းကလေးတွေ ဟာ အခက်အခဲ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံအနာဂတ်ကို ခြိမ်းခြောက် နေတယ်လို့ ဒုတိယ သမ္မတ ဉီးမြင့်ဆွေက ပြောပါတယ်။

ဒီတော့ ဆယ်ကျော်သက် မိန်းကလေး ၅ သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာရော ဘယ်လို အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေပြီး အစိုးရ အနေနဲ့ ဘာတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုနေပါလဲ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရဆိုရင် မြန်မာ နိုင်ငံမှာ အသက် ၁၀ နှစ်မှ ၁၉ နှစ် အတွင်း အမျိုးသမီးငယ် စုစုပေါင်း (၅) သန်း ခန့် ရှိပါတယ်။

အမျိုးသမီးငယ်တွေ ရဲ့ အခက်အခဲ နဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်း ပေးခြင်း က မြန်မာ နိုင်ငံ အနာဂတ် အတွက် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု လို့လည်း ဒုသမ္မတ ဦးမြင့်ဆွေ က ပြောပါတယ်။

အထူး သဖြင့် ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ်တွေဟာ သက်တူရွယ်တူ ယောက်ျားလေးများ ထက်ပိုပြီး စိတ်ခေါ်မှုတွေကို ရင်ဆိုင် ကြုံတွေ့ နေရတယ်လို့လည်း ဆိုပါတယ်။

ကျောင်းနေရမယ့် အရွယ်မှာ ကျောင်းထွက် သွားရတဲ့ အမျိုးသမီးငယ် ဦးရေ ပိုများ နေတာတွေကို ထိန်းသိမ်းဖို့လိုကြောင်း လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင်ပြုခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွား ခြင်းတွေလည်း မြင့်တက်နေပြီး မိခင် သေဆုံးမှု နှုန်းကလည်း များပြား နေတယ်လို့ သိရပါတယ်။

မိသားစု စားဝတ်နေရေး ချို့တဲ့ အားနည်း နေတဲ့ အတွက်ကြောင့် အမျိုးသမီးငယ် တွေဟာ ကျောင်းထွက် ပြီး စောစောစီးစီး လုပ်ငန်း ခွင်တွေထဲကို ဝင်ရောက် နေကြရပါတယ်။

အဓိက အားဖြင့် လူမှု ဘဝဖူလုံရေး၊ လူမှုစီးပွား တိုးတက် မြင့်မားလာရေး အတွက် တဖက်တလမ်း က ဆောင်ရွက် ပေးပြီး ပညာသင်ကြား ခွင့် ရရှိအောင် လုပ်ဆောင် ပေးရမှာ ဖြစ်ပါတယ်။

နိုင်ငံခြား ကို ရောက်နေတဲ့ လူ အားလုံးရဲ့ ၈၃ ရာခိုင်နှုန်း က အသက် ၁၅ နှစ် ကနေ အသက် ၃၉ နှစ် အတွင်း လူငယ် လူရွယ်များ ဖြစ်ပြီး အမျိုးသမီး ၄၀ ရာခိုင်နှုန်း ပါဝင် နေတာကို တွေ့ရပါတယ်။

လူကုန်ကူးမှု ကာကွယ်တားဆီးမှုတွေ၊ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး အစီအစဉ် တွေကို လူငယ်တွေကြားမှာ ပျံ့နှံ့အောင် အရှိန်မြှင့် ဆောင်ရွက် ရမှာလည်း ဖြစ်ပါတယ်။

အမျိုးသမီးငယ်တွေ အတွက် ပညာသင်ကြားခွင့်၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု၊ ကျန်းမာရေး ဝန်ဆောင်မှု နဲ့ လူမှုဖူလုံရေး စောင့်ရှောက်မှု များ ပါဝင်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

ပညာရေးပိုင်း၊ ကျန်းမာရေး စောင့်ရှောက်ရေး အပိုင်းတွေကို နိုင်ငံတကာ လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စီမံချက်ထား ဆောင်ရွက်သွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ