ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို မဘသ ဆန္ဒမပြတော့

  • 12 ဇူလိုင် 2016
Ma Ba Tha Logo ဓာတ်ပုံ မူပိုင် mabatha
Image caption မဘသကို တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်း မဟနက ဆုံးဖြတ်ကြေညာမယ့် စာရွက်တွေ ပြန့်နေ

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ အဖွဲ့ မလိုအပ်တော့ပါဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောတာ အစိုးရမူ မဟုတ်ဘဲ သူ့သဘောထား မှတ်ချက်သာ ဖြစ်လို့ ဆန္ဒပြ ကန့်ကွက်တာတွေ မလုပ်ဖို့ မဘသ ဗဟိုက ဇူလိုင်လ ၁၂ ရက် နေ့စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

မဘသ အဖွဲ့ မလိုအပ်ဘူးလို့ ဦးဖြိုးမင်းသိန်းက စင်္ကာပူမှာရော ရန်ကုန် လေဆိပ်မှာပါ ပြောခဲ့ပြီးနောက် ဒါကို တာဝန်ယူ ဖြေရှင်းဖို့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်း စုကြည်တို့ဆီ မဘသ က စာပေးပို့ခဲ့ပေမဲ့ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။

ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောကွဲနိုင်တယ်၊ ဦးဖြိုးမင်းသိန်းက သူ့အယူအဆကို ထုတ်ဖော်ပြောတာ ဖြစ်တယ်လို့ ပြောခဲ့ပြီးနောက်မှာ အခု ညွှန်ကြားချက် ထွက်လာတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မဘသ အဖွဲ့အစည်းဟာ သံဃအဖွဲ့ အစည်းလုပ်ထုံးလုပ်နည်းနဲ့ အညီ တရားဝင်ဖွဲ့ထားတဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း သံဃ မဟာနာယက မဟန အဖွဲ့က ဆုံးဖြတ် ကြေညာမယ် ဆိုတဲ့ စာရွက်စာတမ်းတွေ အင်တာနက်မှာ ပြန့်နှံ့နေပါတယ်။

မဟန အဖွဲ့ရဲ့ ဒီဆုံးဖြတ်ချက် ဘယ်လိုဖြစ်မယ်ဆိုတာနဲ့ ပတ်သက်လို့ မဟန ၄၇ ပါးအဖွဲ့ဝင်ဆရာတော်ကြီး တပါးဖြစ်တဲ့ ကံသုံးဆင့်ဆရာတော်ကြီးကို ဘီဘီစီက လျှောက်ထား မေးမြန်း ရာမှာ ဆရာတော်ကြီးက ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

အင်တာနက်မှာ ပြန့်နှံ့နေတဲ့ မဘသ အဖွဲ့ တရားမဝင်ကြောင်း မဟနက ဆုံးဖြတ်မယ် ဆိုတဲ့ ကိစ္စကို အတည်မပြုနိုင်သေးတဲ့အတွက် မဘသ ဆရာတော်ကြီးတွေ ကလည်း လောလောဆယ် ဖြေဆိုဖို့ မရှိကြသေးဘူးလို့ ဗဟန်းမြို့နယ် မဘသ အဖွဲ့ ပြောခွင့်ရသူ ဆရာတော်ဦး ခေမာနန္ဒက ပြောပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မဘသအဖွဲ့ကြီးက အစည်းအဝေးပြုလုပ် ဆွေးနွေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ