မဟန ရဲ့ထုတ်ပြန်ချက်ကို ဦးဝီရသူ တုံ့ပြန်

  • 13 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP Getty Images
Image caption မဘသ အဖွဲ့ ဦးဆောင် ဆရာတော် တပါးဖြစ်တဲ့ ဦးဝီရသူ

နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ကြီးက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ) အဖွဲ့ဟာ သံဃာ့ စည်းမျဉ်းနဲ့ မကိုက်ညီဘူးလို့ မနေ့က ဇူလိုင်လ ၁၂ ရက်နေ့က ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ) အဖွဲ့ မလိုအပ်တဲ့ သဘောမျိုး ပြောလာတာဟာ လက်ရှိ အာဏာရပါတီနဲ့ နိုင်ငံတော်အစိုးရရဲ့ သဘောထားဖြစ်မှန်း သိသာတယ်လို့ ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက လည်းဖြစ် မဘသ အဖွဲ့ ဦးဆောင် ဆရာတော် တပါးလည်းဖြစ်တဲ့ ဦးဝီရသူ က တုံ့ပြန်လိုက်ပါတယ်။

မဟန ဆရာတော် ကြီးတွေ အနေနဲ့ ရွှေဝါရောင် အရေးအခင်းတုန်း ၊ ငွေကြာယံ ကို ၀င်စီးခဲ့တဲ့ ကာလတွေ တုန်းက အစိုးရ ဆန္ဒအတိုင်း ဒီလိုဘဲ နေပေးခဲ့ရတာဘဲ ၊ အခုလဲ မဘသကို ဖြိုခွင်းဖို့ ကြံရွယ်တဲ့ အခါကျတော့လည်း ဆရာတော်ကြီးတွေက ကိုယ်နဲ့ သွေးမတော် သားမစပ်ပါဘူးလို့ ငြင်းဆို ပေးရတာပေါ့ ၊ အဲဒီ အတွက် ဦးဇင်းတို့က အထူးအထွေ တုန်လှုပ်စရာ မရှိဘူးလို့ ဆရာတော် ဦးဝီရသူက ပြောပါတယ်။

မဘသ အဖွဲ့ဟာ အခြေခံ ဥပဒေ အရကော ၊ အသင်းအဖွဲ့ စည်းမျဉ် အရပါ ရပ်တည်ခွင့် ရှိသေးတဲ့ အတွက် ဒီနှစ်ခုနဲ့ ရပ်တည်သွားပြီး သာသာပြု အဖွဲ့ အနေနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းတွေ ၊ နိုင်ငံ အကျိုးပြု လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆရာတော် ဝီရသူက မိန့်ပါတယ်။

မဘသ ဟာ ဂိုဏ်းပေါင်းစုံ သာသနာ အဖွဲ့ကြီးကနေ သံန္ဓေတည် ပေါက်ဖွားတယ် ဆိုတာကို မဟနက ငြင်းဆိုတာနဲ့ ပတ်သက်လို့ ဆရာတော်က ဦးဇင်း ကိုယ်တိုင် ဂိုဏ်းပေါင်းစုံ အစည်းအဝေး တက်ခဲ့ ပါတယ်။

အဲဒီတုန်းက ညွှန်ကြားချက်တွေကို သံဃာ့ အဖွဲ့ ဖွဲ့စည်းပုံ အဆင့် စတုတ္တ အကြိမ် ပြင်ဆင်ချက်များ ဆိုတဲ့ စာအုပ်မှာ အတိအလင်း ရိုက်နှိပ် ထုတ်ဝေ ထားကြောင်း ဦးဝီရသူက မိန့်ပါတယ်။

မဘသ အဖွဲ့ အနေနဲ့ ဒီအတိုင်း ဥပဒေနဲ့ အညီ ရပ်တည်နေပါလျက် တဖြည်းဖြည်း တင်းကျပ်လာပြီး နောက်ဆုံး အကြမ်းဖက် ဖြိုခွင့်တဲ့ အဆင့်အထိ မျှော်လင့်ထားသလို နောက်ဆုံး မဟာသံန္တိသုခကျောင်းတို့ ၊ ငွေကြာယံ ကျောင်းတိုက်တို့လို ဖြိုခွင်းလာရင်တောင် အသေခံ ရပ်တည်သွားမယ်လို့ မဘသ အဖွဲ့ ဦးဆောင် ဆရာတော်တွေထဲက တပါးဖြစ်တဲ့ ဦးဝီရသူ က မိန့်ကြားခဲ့ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ အဖွဲ့ မလိုအပ်တော့ပါဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောတာ အစိုးရမူ မဟုတ်ဘဲ သူ့သဘောထား မှတ်ချက်သာ ဖြစ်လို့ ဆန္ဒပြ ကန့်ကွက်တာတွေ မလုပ်ဖို့ မဘသ ဗဟိုက မနေ့က ဇူလိုင်လ ၁၂ ရက် နေ့စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မဘသ အဖွဲ့ မလိုအပ်ဘူးလို့ ဦးဖြိုးမင်းသိန်းက စင်္ကာပူမှာရော ရန်ကုန် လေဆိပ်မှာပါ ပြောခဲ့ပြီးနောက် ဒါကို တာဝန်ယူ ဖြေရှင်းဖို့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်း စုကြည်တို့ဆီ မဘသ က စာပေးပို့ခဲ့ပေမဲ့ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။

အဲဒီနောက် ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောကွဲနိုင်တယ်၊ ဦးဖြိုးမင်းသိန်းက သူ့အယူအဆကို ထုတ်ဖော်ပြောတာ ဖြစ်တယ်လို့ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကလည်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ