ကရင်လက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းရေး ဆွေးနွေး

  • 14 ဇူလိုင် 2016

KNU ပင်မအဖွဲ့ အစည်းကြီးနဲ့ ခွဲထွက် သွားတဲ့ KNU/KNLA-PC နဲ့ DKBA အဖွဲ့ အစည်း တွေပြန်လည် ပေါင်းစည်းရေး ဆွေးနွေး ပွဲကို KNU တပ်မဟာ ၆ ရဲ့ လေးကေ့ကော် မှာ အခုလ ၁၂ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ ဆွေးနွေး ခဲ့ကြ ပါတယ်။

အခု ဆွေးနွေး ပွဲမှာ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ KNU/KNLA-PC ကော့ကရိတ် မြို့နယ် ထော့ကိုကိုး အခြေစိုက် ကရင် ငြိမ်းချမ်းရေး အဖွဲ့နဲ့၊ ဗိုလ်ချုပ်ကြီး စောမိုရှေး ဉီးဆောင်တဲ့ မြ၀တီမြို့နယ် ဆုံဆည်းမြိုင် အခြေစိုက် DKBA ကရင် ငြိမ်းချမ်းရေး အဖွဲ့တွေ ဟာ KNU ရဲ့ ဦးဆောင်မှု နဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကို သွားတက်ဖို့ ကိုလည်း အဓိက ဆွေးနွေး ညှိ နှိုင်းခဲ့ ကြပါတယ်။

KNU ကရင် အမျိုးသား အစည်း အရုံး ဟာ သူတို့ရဲ့ ၂၀၁၂ ခုနှစ် ၁၅ ကြိမ်မြောက် ညီလာခံ မူအရ ကရင် လက်နက်ကိုင် တွေ ပြန်လည် ပေါင်းစည်းရေး ဆောင်ရွက် ခဲ့တာ ဖြစ်ပြီး၊ အခု ဆိုရင် ၃ နှစ်တာ ကာလ ရှိခဲ့ပါပြီ။

ဒီအတော အတွင်းမှာ မူးယစ် ဆေးဝါး ပူးပေါင်း နှိမ်နင်းရေးနဲ့ လက်နက်ကိုင် ပဋိပက္ခ မဖြစ်အောင် တားဆီး နိုင်ပြီး၊ အရေးပေါ် ကိစ္စတွေ မှာ တွေ့ဆုံ ဖြေရှင်း နိုင်ခဲ့ တယ်လို့ ကေအန်ယူ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် အခုနှစ် ဇန္နဝါရီလ တုန်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက် ရာမှာ KNU ရဲ့ နိုင်ငံရေး အရ ဦးဆောင်မှုကို ခံယူဖို့ KNU/KNLA-PC နဲ့ DKBA အဖွဲ့တွေ နဲ့ သဘောတူညီမှု ရတဲ့ အထိ တိုးတက်မှု ရှိခဲ့ ပါတယ်။

ဒါပေမဲ့ ၃ ဖွဲ့ ပြန်ပေါင်းဖို့ အထိ ကတော့၊ အချိန်ယူရ ဦးမယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ကေအန်ယူ ဗဟိုအလုပ် အမှုဆောင် ဗဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

DKBA ဟာ ၁၉၉၄ ခုနှစ် မြစ်ဆုံ အရေးအခင်း မှာ KNU ကနေ ခွဲထွက် သွားပြီး၊ KNU/KNLA-PC ကတော့ ၂၀၀၇ ခုနှစ်မှာ ခွဲထွက် သွားပြီးတော့၊ အဲဒီ ၃ ဖွဲ့က ပြန်လည် ပေါင်းစည်းဖို့ ကြိုးစားရင်းနဲ့ အခု KNU ရဲ့ ဦးဆောင်မှုကို ခံယူတဲ့ အဆင့် အထိ တိုးတက် လာတာ ဖြစ်ပါတယ်။

KNU၊ DKBA နဲ့ KNU/KNLA-PC ကရင် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ဟာ ပြီးခဲ့တဲ့ အစိုးရ လက်ထက် တုန်းက NCA တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။