စစ်ကိုင်းတိုင်း အတွင်း ရေကြီးမှု အခြေအနေ

  • 14 ဇူလိုင် 2016
flood ဓာတ်ပုံ မူပိုင် moi
Image caption စစ်ကိုင်းတိုင်း တချို့ မြို့တွေ စိုးရိမ်ရေမှတ် အထက်ရောက်

ကပ္ပလီ ပင်လယ်နဲ့ ဘင်္ဂလား ပင်လယ်အော် တို့မှာ မုတ်သုန်လေ အား အသင့်အတင့် ရှိနေတယ်လို့ မိုးလေ၀သ က ကြေညာထားပြီး စစ်ကိုင်းတိုင်း အတွင်းက တချို့ မြို့တွေမှာ စိုးရိမ်ရေမှတ် အထက်ကို ရောက်နေပါတယ် ။

စစ်ကိုင်းတိုင်း အတွင်းက ရွှေလှေ ၊ တောကျောင်း ၊ ပလောင်နဲ့ ဝဲကြီး ဝဲကွပ် စတဲ့ အရပ်တွေမှာ ရေကြီး ရေလျှံနေတဲ့ အတွက် အမြင့်ပိုင်းကို ပြောင်းရွှေ့နေရတဲ့ အိမ်ခြေ ရာနဲ့ချီရှိပြီး ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

အဲဒီ အရပ်ဒေသတွေဟာ ရေတက်လေ့ရှိတဲ့ နေရာတွေ ဖြစ်တာကြောင့် စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် လွှတ်တော် အမတ် ဒေါက်တာ သိန်းနိုင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း အတွင်းက ရှစ်မြို့မှာ တိုင်းထွာ ကြည့်တဲ့ အခါ ခန္တီး ၊ ဟုမ္မလင်း နဲ့ ဖောင်းပြင် တို့မှာ အခုအခါမှာ စိုးရိမ်အမှတ်အောက် ရောက်သွားပြီ ဖြစ်ပေမယ့် မော်လိုက်နဲ့ မင်းကင်းမှာ စိုးရိမ်ရေမှတ် အထက် နှစ်ပေခွဲ ကျော်နေပြီး ကလေး၀နဲ့ မုံရွာ မှာတော့ စိုးရိမ် အမှတ်ထက် တပေ မြင့်နေသလို ကနီ မြို့မှာတော့ စိုးရိမ်ရေ သုံးပေခွဲ လွန်နေလို့ နောက်သုံးရက်လောက်ထိ ရေကျတာ စောင့်ရမယ်လို့ မိုးလေ၀သ ဌာနက ပြောပါတယ်။

နောက်နှစ်ရက်အတွင်း င၀န်မြစ် တလျှောက် ငသိုင်းချောင်းမှာ စိုးရိမ်ရေမှတ် အထက် ဆက်ရှိနိုင် သလို ဧရာ၀တီ မြစ်ပေါ်က ညောင်ဦးမှာ စိုးရိမ်ရေမှတ်နား ကပ်နိုင်ပြီး ဇလွန်နဲ့ ဟင်္သာတ မြို့တွေမှာ ဂရုစိုက်ရနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနက ညွှန်ချုပ် ဦးကျော်မိုးဦးက ရှင်းပြပါတယ်။

ချင်းတွင်းမြစ်ပေါ်က မြို့တွေမှာတော့ ရေပြန်ကျနိုင်တယ်လို့ သိရပါတယ်။

နောက်နှစ်ရက်လောက်နေရင် ရခိုင်ဘက်မှာ မိုးအားလျော့နိုင် ပေမယ့် ကချင်နဲ့ စစ်ကိုင်းတိုင်းမှာတော့ မိုးအားပိုနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ