ဘာသာရေးမုန်းတီးအောင် လှုံ့ဆော်မှု အရေးယူမယ့် ဥပဒေ ပြင်ဆင်နေ

  • 15 ဇူလိုင် 2016
Thura U Aung Ko
Image caption ဝန်ကြီး သူရ ဦးအောင်ကိုရဲ့ အကြံပြုချက် အရ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့က ဥပဒေကြမ်းရေးနေ

မြန်မာ နိုင်ငံမှာ ဘာသာရေး အရ အငြင်းပွားမှုတွေ၊ လှုံ့ဆော်မှုတွေကို အရေးယူနိုင်မယ့် ဥပဒေ ပြဌာန်းရေး အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာနက ဆုံးဖြတ်ပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။

မေလ ၁၅ ရက်နေ့က ဝန်ကြီး သူရ ဦးအောင်ကိုက ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့စဉ် ဒီဥပဒေ ရေးဆွဲရေး အကြံပေးခဲ့တာလို့ သာသနာရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

အမုန်းစကားတွေကြောင့် ပဋိပက္ခတွေ ဖြစ်မှာ စိုးရိမ်တဲ့ အတွက် ကာကွယ်တားဆီးနိုင်အောင် ဒီဥပဒေ ရေးဆွဲဖို့ အကြံပြုတာ ဖြစ်ပြီး မြန်မာ နိုင်ငံက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့က ဥပဒေကြမ်း ရေးဆွဲ ပြီးပြီလို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းအောင်က ပြောပါတယ်။

ဥပဒေရေးဆွဲရာမှာ အခြေခံ ဥပဒေမှာ ပါပြီးသား ပြဌာန်းချက်တွေနဲ့ အညီရေးဆွဲတာလို့ သူက ပြောပါတယ်။

အဲဒီအဖွဲ့မှာ အဓိက ဘာသာကြီးတွေ ဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ အစ္စလာမ် ဘာသာတို့က ကိုယ်စားလှယ်တွေကို မူကြမ်းတွေ ပေးထားရာမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာတို့ဆီက ပြင်ဆင်ချက်တွေနဲ့ အားလုံး ပြန်တင်ပြလာကြပြီလို့လည်း ဦးစိန်ဝင်းအောင်က ပြောပါတယ်။

အခု ဇူလိုင်လ ၂၀ ရက် နောက်ဆုံးထား ပြန်တင်ပြဖို့ ပြောထားတာ ဖြစ်ပြီး အချောသတ်မူကြမ်းကို သာသနာရေးဝန်ကြီးဌာနကို ပြန်တင်ပြမှာ ဖြစ်ပါတယ်။

တင်ပြတဲ့ အချက်တွေထဲက ဝန်ကြီးဌာနက အချောသတ် ရေးဆွဲမယ်လို့ ဦးစိန်ဝင်းအောင်က ပြောပါတယ်။

အမုန်းစကားလှုံ့ဆော်မှုဆိုတာဟာ တစုံတယောက်က ဘာသာရေးအရ ယုံကြည် ကိုးကွယ်ရာ ပုဂ္ဂိုလ်၊ ကျမ်းစာ၊ အဆိုအမိန့် စတာတွေကို သေးသိမ်အောင် မုန်းတီးခိုက်ရန်ဖြစ်အောင် စိတ်ဝမ်းကွဲမှုတွေ ဖြစ်အောင် နှုတ်အားဖြင့်၊ စာအားဖြင့် ဒါမှမဟုတ် ထင်ရှားတဲ့ စကားလုံးနဲ့ ဖြန့်ဝေမှုတွေကို ဆိုလိုတယ်လို့ ဥပဒေမှာ အဓိပ္ပါယ်ဖွင့်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ