NRPC နဲ့ DPN တွေ့ဆုံ

  • 16 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် bbc
Image caption UNFC ထိပ်သီး ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၁၇ရက်နေ့မှာ တွေ့မယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီအဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ဇူလိုင်လ ၁၇ရက်နေ့မှာ မတွေ့ဆုံခင် တရက်အလို ဇူလိုင်လ ၁၆ရက်နေ့မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ဦးခူဦးရယ် ဦးဆောင်တဲ့ UNFC ရဲ့နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး DPN အဖွဲ့တို့ အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ UNFC ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံဖို့ အစီအစဉ် ကိစ္စရ၊ ၂၁ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့DPN အဖွဲ့တို့ နောက်တကြိမ် ထပ်မံ တွေ့ဆုံရေး ကိစ္စ၊ မိုင်ဂျာယန် ညီလာခံအတွက် အစိုးရဘက်က ဆောင်ရွက်ပေးဖို့ ကိစ္စရပ်တွေ အကြောင်း ဆွေးနွေးခဲ့ကြသလို DPN ဘက်ကလည်း မိုင်ဂျာယန် ညီလာခံမှာ ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ရှင်းပြခဲ့တယ်လို့ ၂၁ရာစု ပင်လုံ ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဆွေးနွေးပွဲ အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

မိုင်ဂျာယန် ညီလာခံမှာ ဘာတွေ ဆွေးနွေးမလဲ ဆိုတာကို DPN က အသေးစိတ် မပြောသွားပေမယ့် ဒီညီလာခံဟာ ဆုံးဖြတ်ချက် ချတဲ့ အစည်းအဝေးမျိုး မဟုတ်ပဲ မိသားစုချင်း ပြန်လည် တွေ့ဆုံပြီး အချင်းချင်း ညှိနှိုင်း တဲ့ သဘောမျိုး ဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇူလိုင်လ ၁၇ရက်နေ့ ညနေ ၃နာရီမှာ တွေ့ဆုံမယ့် UNFC ထိပ်သီးခေါင်းဆောင်တွေ ဖြစ်တဲ့ UNFC ဥက္ကဌနဲ့ KIO ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး N ဘန်လ၊ SSPP/SSA ရှမ်းပြည် တိုးတက်ရေး ပါတီ နာယက ဗိုလ်ချုပ် ဆေထင်၊ NMSP မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ KNPP ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ခူးအေဘယ်လ် တွိတ်တို့ ဟာလည်း ရန်ကုန်မြို့မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ