တိုင်းရင်းသားတွေမှာ တောင်းစရာ ပေးစရာ မရှိ

  • 18 ဇူလိုင် 2016
DASSK and UNFC Meeting
Image caption ဇူလိုင်လ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်နဲ့ UNFC ခေါင်းဆောင်တွေ ဆွေးနွေး

လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား အားလုံးလက်ခံ သဘောတူတဲ့ မူဘောင်ဖြစ်မလာရင် ၂၁ ရာစု ပင်လုံမှာ လူစုံ ပါဝင်နိုင်ဖို့ အခက်အခဲ ရှိနိုင်တယ် လို့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးကြတဲ့ အခါ ကိုယ်ဘာကို လိုချင်တယ် ဆိုတာထက် ဘာကို ပေးနိုင်မလဲဆိုတာ စဉ်းစားပါလို့ ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့တာကို ပြန်လည်ပြောဆိုရာမှာ တိုင်းရင်းသားတွေ အနေနဲ့ တောင်းစရာလည်း မရှိ၊ ပေးစရာလည်း မရှိ ကြောင်းနဲ့ လွတ်လပ်ရေး အတူ ရယူခဲ့ကြသူတွေ အားလုံး လက်တွဲပြီး တိုင်းပြည် ငြိမ်းချမ်း သာယာအောင် ဆောင်ရွက်ကြဖို့ တာဝန်ရှိတယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစု ကြည်နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဇူလိုင် ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောခဲ့တာပါ။

အဲဒီ တွေ့ဆုံမှုကြောင့် နောင်ဆွေးနွေးပွဲ တွေအတွက် လမ်းပွင့်လာတယ်လို့ ဆိုနိုင်ပေမဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာ ကလည်း ထင်ရှားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ် တွဲဖက် အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့် ကတော့ UNFC မှာ ပါတဲ့ အဖွဲ့တွေ၊ မပါတဲ့ လက်နက်ကိုင် အဖွဲ့တွေအပြင် ဝနဲ့ မိုင်းလားတို့လို အဖွဲ့တွေ ကလည်း ရှိနေလေတော့ ဘယ်လို ဆွေးနွေး ဆုံးဖြတ် ကြမယ်မှန်း မသိဘဲ အားလုံး အတူ သွားကြမယ် ဆိုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ရဲ့ အလားလာ သိပ်တော့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ အစိုးရ နဲ UNFC တို့က ပထမ အဆင့် တွေ့ဆုံမှု ကနေ နောက်တဆင့် တွေ့နိုင်ဖို့ နှစ်ဖက်စလုံးက မျှော်လင့်နေကြပါတယ်။

UNFC ခေါင်းဆောင်တွေက ဇူလိုင် ၁၈ ရက်နေ့က အရပ်ဖက် အဖွဲစည်းတွေနဲ့ တွေ့ဆုံခဲ့ သလို ရန်ကုန်က သံတမန် တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ