ရှမ်းရွာသား အလောင်း၇လောင်းကို ပြန်တူးဖော် စစ်ဆေးမယ်

  • 20 ဇူလိုင် 2016
Image caption လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာ အုပ်စုနားမှာ ရွာသား ၅ဦးရဲ့ အလောင်းတွေ တွေ့ခဲ့

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအုပ်စု အနီးက အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ တိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာမှာ ပြီးခဲ့တဲ့ လက တွေ့ရှိခဲ့တဲ့ ရွာသား ၇ဦးရဲ့ အလောင်းတွေနဲ့ ပတ်သက်လို့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး အလောင်းတွေကို ပြန်လည် တူးဖော် စစ်ဆေးမယ်လို့ သိရပါတယ်။

သေဆုံးသူ ၅ဦးရဲ့ အလောင်းတွေကို လူသတ်မှု၊ ၂ဦးရဲ့ အလောင်းတွေကို သေမှုသေခင်းနဲ့ အမှု ဖွင့်ထားပြီး အလောင်း ၇ လောင်းစလုံးကို ရဲတပ်ဖွဲ့က ပြည်လည် တူးဖော် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒီအမှုတွေနဲ့ ပတ်သက်လို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ တပ်မတော် စစ်ကြောင်းနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က ဘီဘီစီကို ပြောပါတယ်။

ရွာသားတချို့ကို အစိုးရ စစ်တပ်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့အပြီးမှာ အဲဒီ ရွာသားတွေ အသတ်ခံခဲ့ရတာ ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

သေဆုံးခဲ့သူတွေနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးဖို့ တအာင်း TNLA တပ်ဖွဲ့ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။