ရန်ကုန် အထပ်မြင့် အဆောက်အအုံ ၁၂လုံး ပြန်ပြင်ရမယ်။

  • 20 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption အရင် အစိုးရ ခွင့်ပြုပြီးသား အဆောက်အအုံတွေကို ပြန်ပြင်ခိုင်းတဲ့ အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက မကျေနပ်

ရန်ကုန်တိုင်း ဒေသကြီး အစိုးရရဲ့ ညွန်ကြားချက်နဲ့ ရန်ကုန် မြို့တော်စည်ပင်က အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ဆောက်လုပ်နေတဲ့ ပုံစံနဲ့ အထပ် အရေအတွက် ပြန်လည် ပြင်ဆင်ဖို့ ညွန်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင် က ရန်ကုန်မြို့မှာ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ ၁၂လုံးကို စိစစ်ပြီး လမ်းအနေအထားနဲ့ ကားပါကင် မလုံလောက်မှုတွေကြောင့် အထပ်တွေ လျှော့ ချဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ညွန်ကြားလိုက်တာပါ။

အဆောက်အအုံ စစ်ဆေးရေး ကော်မတီရဲ့ တွေ့ရှိချက်တွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ က ဘက်ပေါင်းစုံ လေ့လာ ဆန်းစစ်ခဲ့ အပြီး အဲဒီ အဆောက်အအုံတွေရဲ့ အထပ်တွေကို လျှော့ချဖို့ မြို့တော်စည်ပင်ကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ဘက်ကတော့ အရင်အစိုးရ ခွင့်ပြုပြီးသား အဆောက်အအုံ တွေကို အခုလို ပြန်ပြင်ခိုင်းတာကြောင့် သူတို့အတွက် ထိခိုက်နစ်နာမှု ကြီးမားသလို နိုင်ငံရဲ့ ငွေကြေး လည်ပတ်မှုအထိ သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး သမ္မတ အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အထိ ဒီကိစ္စကို တင်ပြသွားမယ် လို့ပြောပါ တယ်။