၈၈၈၈ ပြတိုက် ပေါ်ပေါက်ရေး အစိုးရ ဦးဆောင်မယ်

  • 20 ဇူလိုင် 2016
8888 Museum
Image caption ၈ လေးလုံး ယာယီ ပြတိုက်ကို ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်ခဲ့

၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ သမိုင်းပြတိုက်ကို အစိုးရက ဦးဆောင်ပြီး တည်ထောင်တော့မှာ ဖြစ်ပါတယ်။

၂၈ နှစ် နီးပါး ကြာခဲ့ပြီ ဖြစ်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလက လှုပ်ရှားမှု မှတ်တမ်းတွေ၊ ဖြိုခွင်း အရေးယူမှုတွေကို သမိုင်း မှတ်တမ်းတွေ အဖြစ် စနစ်တကျ မှတ်တမ်း တင်နိုင်အောင် အစိုးရက ဦးဆောင်ပြီး လုပ်ဆောင် ဖို့ရှိပါတယ်။

လာမယ့် လွှတ်တော် အစည်းအဝေးမှာ ယဉ်ကျေးမှုနဲ့ သာသနာရေး ဝန်ကြီးဌာနက ပြတိုက်ဖွင့်ဖို့ အဆိုကို လွှတ်တော်မှာ တင်မယ်လို့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေ ဖွင့်လှစ် ထားတဲ့ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ သမိုင်း ယာယီ ပြတိုက်ကို ဇူလိုင်လ ၂၀ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကို လာရောက်စဉ် ပြောခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု သမိုင်းမှာ ၈ လေးလုံး အရေးတော်ပုံဟာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ အများ အသိဖြစ်ကြောင်းနဲ့ ၈ လေးလုံး သမိုင်း ပြတိုက် တည်ရှိဖို့ မဖြစ်မနေ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ပြတိုက်တစ်ခု ပေါ်ပေါက်ရေး အတွက် မြေနေရာ၊ အဆောက်အဦကိစ္စတို့ အပြင် သမိုင်းဆိုင်ရာ အထိမ်း အမှတ်တွေကို ပြထားရေးတို့ အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပညာရှင်တွေက ဝိုင်းဝန်း ကူညီဆောင်ရွက်မယ်လို့လည်း သူရ ဦးအောင်ကိုက ပြောပါတယ်။

ယာယီ ပြတိုက်ကနေ နိုင်ငံ အဆင့် သမိုင်းဝင်ပြတိုက် ဖြစ်လာဖို့အတွက် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက အစိုးရနဲ့ ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

၈၈ ပွင့်လင်းလူအဖွဲစည်းက ဦးကိုကိုကြီးကတော့ ၈၈ အရေးတော်ပုံကြီးဟာ အလွန် ကြီးကျယ်ခမ်းနားတယ်၊ လူတစ်ယောက် လူတစ်ဖွဲ့နဲ့ ပဝင်ခဲ့ကြတာ ဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်ခဲ့ကြတာ ဖြစ်လို့ ပြတိုက်ကြီးကို စီမံခန့်ခွဲရာမှာလည်း လူတစ်စု၊ ပါတီ တစ်ဖွဲ့တည်းသာ မဟုတ်ဘဲ လွတ်လပ် ကျယ်ပြန့်တဲ့ စီမံ ခန့်ခွဲမှု ဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒီပြတိုက်ဟာ အတိတ်ကို ပြန်တူးဆွပြီး မလိုလားအပ်တဲ့ လက်စားချေ တုံပြန်မှု လုပ်ဖို့ မဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရယ်ရွယ်တယ်လို့ လို့လည်း ၈၈ ပွင့်လင်းလူအဖွဲ့အစည်း ဖက်က ရည်ရွယ်တယ် လို့လည်း သူက ပြောပါတယ်။

ယာယီ ပြတိုက်ကို ပြီးခဲ့တဲ့ နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၈၈ ဒီမိုကရေစီ လှုပ် ရှားမှုကာလ အတွင်းက မှတ်တမ်း ဓာတ်ပုံတွေ သတင်းမှတ်တမ်းတွေ စာရွက် စာတမ်းတွေ အဲဒီခေတ်က အထိမ်းအမှတ် ပစ္စည်းတွေကို စုစည်းထားရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ