အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဒီနေ့ စတင်မယ်

  • 20 ဇူလိုင် 2016
dassk_
Image caption ဒေါ်အောင်ဆန်းစုကြည် အတွက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး စုံညီ နဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ ရမှာ ဖြစ်။

အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီး တွေ ရဲ့ ၇ ရက် တာ အစည်းအဝေးကို လာအို နိုင်ငံ ဗီယန်ကျင်း မြို့တော်မှာ ဒီကနေ့ ဇူလိုင်လ ၂၁ ရက် ကြာသာပတေး နေ့ စတင်မှာ ဖြစ်ပါတယ်။

ဒီ အစည်းအဝေးကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ရယူ ထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစု ကြည် တက်ရောက် ဖို့ ရှိ နေပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး စုံညီ နဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ ရမှာ ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံ တချို့နဲ့ တရုတ် အကြား ပိုင်ဆိုင်မှု အငြင်း ပွား နေတဲ့ တောင်တရုတ် ပင်လယ် အရေး နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ခုံရုံး ရဲ့ အဆုံးအဖြတ် ထွက်ပေါ် လာ အပြီး မြန်မာ နိုင်ငံက ထုတ်ပြန် ခဲ့တာထဲ နိုင်ငံတကာ ဥပဒေ စိုးမိုးရေး အပါအဝင် အာဆီယံ နိုင်ငံ တွေရဲ့ အနေအထား နဲ့ မူဝါဒ ကို ထင်ဟပ် တာတွေ ပါဝင် တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ် အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီး တွေ က အပြုသဘော ဆောင်တဲ့ သဘောထား အမြင် တွေ နဲ့ အလေးထား ကြ ဖွယ် ရှိတယ် ဆိုတဲ့ သုံးသပ်မှု တွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆို ဆွေးနွေးချက် တွေကို အာဆီယံ အပါအဝင် နိုင်ငံတကာ က စောင့်ကြည် နေမှာ ဖြစ်တယ်လို့ လည်း ထိုင်းနိုင်ငံ ချူလာလောင်ကွမ်း တက္ကသိုလ် လုံခြုံရေးနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက အကြီးတန်း သုတေသီ ကဝီချွန် ကစ်တာပွန်က ဆိုပါတယ်။

အခုနှစ် အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီး တွေ ရဲ့ အစည်းအဝေးမှာ အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာ တွေထဲ တောင်တရုတ် ပင်လယ် နဲ့ ကိုရီးယား ကျွန်းဆွယ် အရေး တို့ လည်း ထိပ်တန်းက ပါဝင် နိုင်တယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ