ထားဝယ်ခရိုင်ကသတ္တုတွင်း ကုမ္မဏီ နှစ်ခုကို လိုင်စင်ရပ်

  • 21 ဇူလိုင် 2016
Dawei Map

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက ထိုင်း မြန်မာ ဖက်စပ် မြန်မာ ပွက်ပီပက် ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသားပိုင် အရှေ့တိုင်း သတ္တုမိုင်း ကုမ္ပဏီနှစ်ခုကို လုပ်ငန်း လုပ်ကိုင်ခွင့် ယာယီ ရပ်ဆိုင်း လိုက်ပါတယ်။

အဲဒီသတ္တုမိုင်း ကုမ္ပဏီနှစ်ခုဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ ရေဆိုးတွေကို စည်းကမ်းတကျ မစွန့်ပစ်လို့ ဆိုပြီး တနင်္သာရီတိုင်း ဒေသကြီး အစိုးရက သတ္တုတူးဖော်ခွင့် ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ကုမ္ပဏီတွေကို အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ လိုက်နာမှု မရှိခဲ့လို့ ခုလို ရပ်ဆိုင်းရတာ ဖြစ်တယ်ဆိုပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောပါတယ်။

တိုင်းဒေသကြီးအတွင်း လုပ်ကိုင်နေတဲ့ တခြား စီမံကိန်းတွေကိုလည်း ပြန်လည် စိစစ်နေပါတယ်။

လုပ်ငန်းတွေ ယာယီရပ်ဆိုင်းခံရတဲ့ ထိုင်း မြန်မာ ဖက်စပ် မြန်မာ ပွက်ပီပက် ကုမ္ပဏီဟာ ၁၅ နှစ်ကျော်ကြာ ဟိန္ဒား သတ္တုတွင်းမှာ သတ္တု တူးဖော်နေတဲ့ အကြီးစား လုပ်ငန်းဖြစ်ပြီး အရှေ့တိုင်းသတ္တုတွင်း ကုမ္ပဏီ ကတော့ ဘဝပင် သတ္တုမိုင်းမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စတင် သတ္တုတူးဖော်နေတာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းနှစ်ခုကို ရပ်ဆိုင်းဖို့ ဒေသခံတွေက တိုင်ကြားစာတွေ ပို့ခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒီသတ္တု လုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေ အများကြီးရှိခဲ့တယ်လို့ ထားဝယ်ဖွံဖြိုးရေးအဖွဲ့က ဒါရိုက်တာ ကိုသန့်ဇင်က ပြောပါတယ်။

လောလောဆယ် တနင်္သာရီတိုင်းထဲမှာ လုပ်ကိုင်နေတဲ့ စီမံကိန်း ၅၀ လောက်ရှိနေပြီး အဲဒီထဲမှာ သတ္တုတူးဖော်နေတဲ့ လုပ်ငန်းတွေက အများဆုံးဖြစ်ပါတယ်။

အဲဒီထဲက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး ပြဌာန်းထားတဲ့ သတ္တုတွင်း ဥပဒေကို မလိုက်နာတဲ့ စီမံကိန်း ၁၀ ခုလောက်ကို ပြန်စိစစ် နေတယ်လို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့က စီမံကိန်းဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ