မူလတန်း ပညာရေး ဦးစားပေးမယ်

  • 22 ဇူလိုင် 2016
education seminar dassk_state counsellor fb ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office FB
Image caption ပညာရေး နှီးနှောဖလှယ်ပွဲကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်

ပညာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဇူလိုင်လ ၂၂ ရက်နေ့ အထိ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အခြေခံပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရေး ဆွေးနွေးပွဲမှာ အခြေခံ မူလတန်း ပညာရေးကဏ္ဍာကို ဦးစားပေး လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အခြေခံပညာရေးကဏ္ဍာမှာ ပညာရေး အသုံးစရိတ် ပိုမို သုံးစွဲပြီး မူလတန်းအဆင့် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး မြှင့်တင်ပေးဖို့နဲ့ ကျောင်းနေအရွယ်ကလေးတွေကို မူလတန်း ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်ဖို့ ဦးစားပေးလုပ်ဆောင်မှာ ဖြစ်ပါတယ်။

ပညာရေး စနစ် မြှင့်တင်ဖို့ရာ ဆရာ၊ ဆရာမဦးရေ နှစ်စဉ် တိုးမြှင့်ခန့်ထားမယ်၊ မူလတန်းသင်ရိုးတွေ ပြောင်းလဲမယ်၊ လောလောဆယ် သူငယ်တန်း အဆင့် သင်ရိုးတော့ ပြောင်းလဲ သင်နေပြီလို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း က ပြောပါတယ်။ ဒါပေမဲ့ လာမယ့် ဘဏ္ဍာနှစ်မှာ ပညာရေးဘတ်ဂျက် ဘယ်လောက် တိုးမြှင့်သုံးစွဲမယ် ဆိုတာတော့ သူက တိတိကျကျ မပြောပါဘူး။

လောလောဆယ် တစ်နိုင်ငံလုံးမှာ အခြေခံအဆင့် ကျောင်းသားကျောင်းသူ ဦးရေ ၈.၇ သန်း ရှိပြီး ဆရာ၊ ဆရာမဦးရေ လေးသိန်းကျော် ရှိပါတယ်။

တချို့ နယ်တွေက မူလတန်း ကျောင်းတွေမှာတော့ ဆရာ၊ဆရာမ အင်အားမလုံလောက်တဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။

ဒီလို အခြေအနေတွေကြားမှာ အခြေခံပညာရေးစနစ် မြှင့်တင်ဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အခြေခံပညာရေးစနစ် မြှင့်တင်တဲ့ ဆွေးနွေးပွဲဟာ အခု အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်လုပ်တာ ဖြစ်ပါတယ်။

အစည်းအဝေး ပထမနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောခဲ့သလို ပညာရေးဝန်ကြီး ကိုယ်တိုင်လည်း တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားတက္ကသိုလ်တွေက ပါမောက္ခတွေ ပြည်နယ်တိုင်း ပညာရေးမှူးတွေ အပြင် ဆရာ၊ ဆရာမတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ