ဂွမ်ဆိုင်းအောင် ဖခင် က တရားမျှတမှုဖော်ထုတ်ပေးဖို့ ပန်ကြား

  • 22 ဇူလိုင် 2016
burma military ဓာတ်ပုံ မူပိုင် elvis
Image caption အစိုးရ တပ်မတော် စစ်သားများ စစ်ရေးပြနေစဉ်

မြစ်ကြီးနားမြို့မှာ စစ်သား တယောက် ရဲ့ သေနတ်ကျည်ဆံမှန်လို့ သေဆုံးခဲ့ရတဲ့ မောင်ဂွမ်ဆိုင်းအောင် ရဲ့ ဖခင် က သူ့သား က စစ်သားဆီ က သေနတ်လုတယ် ဆိုတဲ့အချက် ဟာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပြောဆိုကာ တရားမျှတမှု ကို ဖော်ထုတ် ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့တုန်းက စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က သတင်းစာရှင်းလင်းပွဲ မှာ အဲဒီ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား ဂွမ်ဆိုင်းအောင် နဲ့ တပ်မတော် က တပ်သား လုံးလားထွေးလား ဖြစ်ပြီး အဲဒီ ကျောင်းသား က သေနတ်လုရင်း ကျည်ဆံထွက်ကာ သေဆုံးသွားတာဖြစ်ကြောင်း၊ စစ်သား ဖက် က ရည်ရွယ်လုပ်ဆောင်တာ မဟုတ် ကြောင်း ပြောကြားသွားပါတယ်။

မောင်ဂွမ်ဆိုင်းအောင်ရဲ့ ဖခင် ဖြစ်သူ ဦးဂေးဝါ က စစ်တပ်ဘက် က ရှင်းလင်းချက်ကို မဖြစ်နိုင်ကြောင်းပြောပြီး ပယ်ချခဲ့ပါတယ်။

အခုအချိန်အထိ စစ်တပ်ဘက် က ကာယကံရှင်မိသားစု အိမ်ကို အကြောင်းကြားတာ၊ စုံစမ်းတာမျိုးမရှိသလို တရားမျှတမှု ရဖို့ အမှု ကလည်း ဘယ်လိုဖွင့်ရမှန်း မသိ ကြောင်းဘီဘီစီ ကို ပြောပါတယ်။

အဲဒီအမှု ကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ တယောက် က ရဲ က အမှု ကို အခုမှ တည်ဆောင်တုန်း လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က သူတို့ စစ်ဘက်တရားရေး စနစ်နဲ့ အဲဒီ တပ်သား ကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။