ရခိုင်ပြည်နယ် အစိုးရရဲ့ ရက် ၁၀၀

  • 22 ဇူလိုင် 2016
Image caption ရခိုင်ပြည်နယ်မှာ ဇူလိုင်လ အစောပိုင်းက ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့

ရခိုင်ပြည်နယ်အစိုးရဟာ ဇူလိုင်လ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့မှာ လူထုတွေ မီဒီယာတွေနဲ့ တွေ့ဆုံပြီး အစိုးရရဲ့ ရက် ၁၀၀ အတွင်း သူတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေနဲ့ နောက်ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ချပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့လို့ ပြည်နယ်အစိုးရအနေနဲ့ အလုပ်ရှုပ်နေခဲ့တာကြောင့် လူထုကို ရက် ၁၀၀ အစီအစဉ် ချပြဖို့ ကြန့်ကြာနေခဲ့ရတာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောနဲ့ သတ္တုတွင်းဆိုင်ရာဝန်ကြီး ကျော်လွင်က ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍအနေနဲ့ တောင်သူတွေကို မိုးသီးနှံစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးတာ၊ ပညာပေးသင်တန်း ပညာပေးဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပြီး ကျေးရွာမျိုးစေ့ဘဏ်တွေ ထူထောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံတာတွေ ထပ်ဖြစ်လာရင် အဆင်သင့်ဖြစ်အောင် ထားရှိတဲ့ အရံမျိုးစပါးတွေကိုလည်း စိုက်ပျိုးရေးဌာနမှာ စုဆောင်းထားရှိတယ်လို့ ပြောပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှ ပြည်နယ်တွင်းမှာ တည်ငြိမ်အေးချမ်းမှုရှိမယ်လို့ ယုံကြည်တဲ့အတွက် ရက် ၁၀၀ အတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အရင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခမျိုး ထပ်မဖြစ်အောင် အတတ်နိုင်ဆုံး အကောင်းဆုံးဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရဝန်ကြီး ဦးကျော်လွင်က ပြောဆိုခဲ့ပေမယ့် ဘယ်လိုဆောင်ရွက်နေတယ်ဆိုတဲ့ အသေးစိတ်ကို ဖေါ်ပြခဲ့ခြင်းမရှိပါဘူး။