အလုပ်ရှာဖွေရေး အေဂျင်စီ ၂၀ ကို နာမည်ပျက်စာရင်းသွင်း

  • 23 ဇူလိုင် 2016
Myanmar Thai Migrant ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းရောက် မြန်မာအလုပ်သမား တချို့

မြန်မာ အလုပ်သမားတွေ ထိုင်းကို စေလွှတ်နေရာမှာ ကြားခံအဖြစ် ဆောင်ရွက်နေတဲ့ အလုပ်ရှာဖွေရေး အေဂျင်စီ ၂၀ ကျော်ကို မြန်မာနဲ့ထိုင်း အစိုးရ အချင်းချင်း အလုပ်သမား ငှားရမ်းခေါ်ယူရေး နဲ့ ပတ်သက်တဲ့ MoU နားလည်မှု စာချွန်လွှာ စည်းကမ်းချက် တွေ နဲ့ မညီညွတ်တဲ့ ဆောင်ရွက်မှုတွေရှိလို့ ဆိုပြီး မြန်မာ အစိုးရ ဘက်က နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က အလုပ်သမားတွေ ထိုင်းကိုရောက်တဲ့အခါ အရင် က ပြောထားတဲ့အလုပ် နေရာတွေ မှာ မရ ပဲ တခြားအလုပ်တွေ သွားလုပ်နေရတာ၊ ရောက်ပြီးအချိန်ကာလ တလ အတွင်း အလုပ်လုပ်ခွင့်ပါမစ် ရဖို့ ကတိခံထား ပေမယ့် အဲဒီ အေဂျင်စီ တွေ က မလုပ်ပေးနိုင်တာ တွေ တွေ့ရတယ် လို့ ပြောပါတယ်။

အဲဒီလို အေဂျင်စီ တွေ ကို စိစစ် ဆောင်ရွက် ထိန်းသိမ်းပေမယ့် မြန်မာပြည် က ထိုင်း ကို အလုပ်သွားရောက် လုပ်ကိုင်ဖို့ကြိုးစား ကြတဲ့ မြန်မာအလုပ်သမားတွေ ရဲ့ အခက်အခဲ က အများကြီး ကျန်ရှိနေသေးပြီး အစိုးရ ကတော့ အလုပ်ရှင် ကုမ္ပဏီတွေနဲ့ တိုက်ရိုက် ဆက်သွယ် ခေါ်ယူတဲ့ နည်းလမ်း ကို စမ်းသတ်ကြည့်မယ် လို့ ဆိုပါတယ်။