တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုံ မိုင်ဂျာယန် ညီလာခံ ဒီနေ့ စမယ်

  • 25 ဇူလိုင် 2016
majayan_summit
Image caption ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ဗီဂျေ နမ်ဘီးယား လည်း မိုင်ဂျာယန်မှာ ရှိနေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုံညီ ညီလာခံ တစ်ရပ်ကို ကချင် လက်နက်ကိုင် KIA ထိန်းချုပ် နယ်မြေဖြစ်တဲ့ မိုင်ဂျာယန် မှာ ဒီနေ့ ဇူလိုင်လ ၂၆ ရက် နေ့က စပြီး ၄ ရက်တာ ကျင်းပမှာ ဖြစ်ပါတယ်။

မိုင်ဂျာယန် ရှိရာဆီ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင် တွေ မြစ်ကြီးနား လမ်းကြောင်း ဘက်ကရော၊ တရုတ်ပြည် ရွှေလီ ကြယ်ဂေါင် ဘက်ဆီကရော တဖွဲဖွဲ ရောက် ရှိ လာခဲ့ ကြပြီ ဖြစ်သလို၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ဗီဂျေ နမ်ဘီးယား လည်း ရောက်လာတာ တွေ့ရတယ်လို့ အဲဒီမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

မိုင်ဂျာယန် အစည်းအဝေးမှာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေ ရော၊ မထိုးရ သေးတဲ့ အဖွဲ့တွေ ပါ တွေ့ဆုံကြမှာ ဖြစ်ပြီး၊ အစိုးရဘက်က ကျင်းပဖို့ စိုင်းပြင်းနေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ လို့ ခေါ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးကြား ဘုံရပ်တည်ချက် မူဝါဒ တွေ ရရှိ လာဖို့ မျှော်လင့်ချက် နဲ့ ကျင်းပ ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့ အစည်းအဝေးကို NCA ထဲ ပါဝင်ဖို့ အစိုးရ စစ်တပ်က လက်မခံ ဖြစ်နေတဲ့ ကိုးကန့်တပ် MNDAA ၊ တအောင်း အဖွဲ့ TNLA နဲ့ ရခိုင်တပ် AA တို့ တက်ရောက်မှာ မဟုတ်ဘူး ဆိုပြီး အစည်းအဝေး ကျင်းပရေး ကော်မတီ က ဘီဘီစီ ကို ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အောက်က သွား နေတဲ့ NCA လမ်းကြောင်း နဲ့ မဟုတ်ပဲ၊ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်နဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တွေ ပေါ် ပေါက် လာနိုင်တဲ့ လမ်းကြောင်းမျိုး ကို မိုင်ဂျာယန် ညီလာခံ က ချမှတ် နိုင်မှသာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် နိုင်ဖို့ အတွက် မျှော်လင့် နိုင်မယ် ဆိုပြီး မိုင်ဂျာယန်မှာရောက်နေတဲ့ ဖက်ဒရယ် ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး ဦးအောင်ထူးက ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ