ခုမြင် ခုထော ဉာဏ်စမ်း အစီအစဉ် ရပ်ဆိုင်းမယ်

  • 25 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် ooredoo
Image caption ခုဖြေ ခုထော ဉာဏ်စမ်းအစီအစဉ်ကို ဆက်သွယ်ရေး ဆိုင်ရာ ယှဉ်ပြိုင်မှု နည်းဥပဒေတွေနဲ့အညီ ကြိုတင် အသိပေးတာ မရှိဘူးလို့ ဆက်သွယ်ရေး ဝန်ကြီးဌာနကပြော

အူရီဒူး မြန်မာက မိုဘိုင်းဖုန်းတွေကနေ တစ်ဆင့် သတင်းတိုစနစ်နဲ့ ဉာဏ်စမ်း အမေးအဖြေ အစီအစဉ်ကို ခေတ္တ ရပ်ဆိုင်းထားမယ်လို့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ခုဖြေ ခုထော ဆိုတဲ့ အဲဒီ ဉာဏ်စမ်း အစီအစဉ်ကို ဆက်သွယ်ရေး ဆိုင်ရာ၊ ယှဉ်ပြိုင်မှု နည်းဥပဒေတွေနဲ့ အညီ ကြိုတင် အသိပေးတာ မရှိတဲ့အတွက် အစီအစဉ်ကို ရပ်ဆိုင်းပြီး အမြန်ဆုံး ဖြေရှင်းချက် ထုတ်ပြန်ဖို့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ညွှန်ကြားခဲ့အပြီးမှာ အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

အူရီဒူးကတော့ သူတို့အနေနဲ့ အဲဒီ အချက်တွေကို နားမလည်လို့ ပြန်ပြီး ညိနှိုင်းဖို့ လုပ်နေကြောင်းနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတွေနဲ့ ဆွေးနွေးဆဲ ကာလအတွင်း ဒီအစီအစဉ်ကို ခေတ္တ ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ပြောပါတယ်။

အခုလို မှားယွင်းခဲ့မှုဟာ နည်းပညာ အခက်အခဲကြောင့် ဖြစ်ပြီး ဒီအစီအစဉ်ကို ဆက်လုပ်မလုပ် ဆိုတာ နောက်၂ရက်လောက် ကြာရင် တရားဝင် ထုတ်ပြန်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆွေးနွေးမှုရလဒ်မထွက်ပေါ်ခင်ကာလအတွင်း အစီအစဉ်မှာပါဝင်ခဲ့သူအားလုံးကို အစီအစဉ်အတွင်း သုံးစွဲခဲ့တဲ့ ကုန်ကျငွေများကို ပြန်လည် ဖြည့်သွင်းပေးမယ်လို့ သိရပါတယ်။

ခုဖြေ ခုထော ဉာဏ်စမ်း အမေးအဖြေ အစီအစဉ်ကို ဇူလိုင်လ ၁၈ရက်နေ့က စတင်ခဲ့တာ ဖြစ်ပြီး အဖြေ ပြန်ပို့တိုင်း တစ်စောင် ကို၂၀၀ ကျပ် ဖြတ်ခံရပြီး အမြင့်ဆုံး ဆုကြေးက သိန်း ၃၀ အထိ ရှိပါတယ်။