တူရကီအာဏာသိမ်းမှုနဲ့ မပတ်သက်ဘူးလို့ Horizon ကျောင်းငြင်းဆို

  • 25 ဇူလိုင် 2016
Horizon International School ဓာတ်ပုံ မူပိုင် Horizon International School Website
Image caption ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ Horizon ကျောင်းတွေ ၂၀၀၀ ခုက စတင်ဖွင့်ထား

မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ Horizon International School ဟာ တူရကီနိုင်ငံ အာဏာသိမ်းမှုမှာ နောက်ကွယ်က ပါဝင် ပတ်သက်တယ်လို့ အစိုးရက စွပ်စွဲနေတဲ့ ဖယ်တိုဟူလာ ယူလန်နဲ့ အဆက်အသွယ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာ နိုင်ငံဆိုင်ရာ တူရကီသံ အမတ်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က မေးမြန်းရာကနေ ဒီလို စွပ်စွဲချက် ထင်မြင်ချက် ထွက်ပေါ် လာတာပါ။

ဖယ်တိုဟူလာ ယူလန်ဟာ တချိန်က သမ္မတ ရီဂျက်ပ် တိုင်ရိ အာဒိုဝမ်နဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ သူ့ဖာသာ ထွက်ပြေးခိုလှုံနေသူ ဖြစ်ပါတယ်။

သူဟာ သမ္မတနဲ့ အရင်က မဟာမိတ်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သမ္မတနဲ့ အစိုးရကိုပစ်မှတ်ထားတဲ့ အကျင့်ပျက် လာဘ်စားမှု စုံစမ်းရေးတွေကို ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး နောက်ပိုင်းမှာ တိုင်းပြည်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တူရကီ သံအမတ်ကြီးက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ မြန်မာနိုင်ငံက Horizon International School နဲ့ မစ္စတာ ယူလန်တို့ ပတ်သက်ခြင်း ရှိမရှိ မေးမြန်းရာမှာ တူရကီ သံအမတ်ကြီးက ကျောင်းနံမည်ကို ထုတ်ဖော်မပြောပေမယ့် မစ္စတာယူလန်နဲ့ ပတ်သက်တဲ့ ကျောင်း မြန်မာနိုင်ငံမှာ ရှိကြောင်းပြောခဲ့လို့ အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီသတင်း ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး Horizon International School ကျောင်းရဲ့ သင်ကြားလေ့လာရေးဆိုင်ရာ ဒါရိုက်တာ ရှာဟရီရာ တာရဂူနိုကို ကတော့ မစ္စတာယူလန်နဲ့ သူတို့ကျောင်း ဆက်စပ်မှု လုံးဝ မရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

သံအမတ်ကြီးရဲ့ တရားဝင်ထုတ်ပြန် ကြေညာချက်ထဲမှာ သူတို့ကျောင်းရဲ့ နာမည် ထည့်သွင်းဖော်ပြမထား ကြောင်းနဲ့ အပြင်က တစ်ယောက်က သူတို့နာမည်ကို ထည့်သွင်း ပြောသွားတာလို့ လည်းသူက ပြောပါတယ်။

သူတို့ကျောင်းမှာ ကျောင်းသားတွေ အများအပြားရှိပြီး ကိုယ့်ဖာသာ ရပ်တည်နိုင်ကြေင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ ကူညီမှုလည်း မလိုဘူးလို့ ကျောင်းက ဒါရိုက်တာ ရှာဟရီရာ တာရဂူနိုကို က ပြောပါတယ်။ Horizon International School ကျောင်းဟာ ၂၀၀၀ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံကို ရောက်ခဲ့တယ်လို့ သူကဆိုပါတယ်။

ရန်ကုန်၊ မန္တလေး နေပြည်တော်မှာ ကျောင်းတွေ ဖွင့်လှစ်ထားပြီး နိုင်ငံတကာ သင်ရိုးနဲ့ သင်ပေးနေတယ်လို့ သူက ပြောပါတယ်။

သူတို့ကျောင်းက တူရကီ အာဏာသိမ်းမှုကို မထောက်ခံကြောင်းကြေညာချက်တစောင်ကိုလည်း ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။