မိုင်ဂျာယန် တိုင်းရင်းသား ညီလာခံ စတင်

  • 26 ဇူလိုင် 2016
Maijayang Conference
Image caption မိုင်ဂျာယန်ဆွေးနွေးပွဲကို ပြည်ပ ကိုယ်စားလှယ် တွေလည်း တက်ရောက်

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ညီလာခံ ဇူလိုင်လ ၂၆ ရက်နေ့က စတင် ကျင်းပနေပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံ အကြို ညှိနှိုင်းရေးနဲ့ အနာဂတ် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးဆိုင်ရာ ဘုံသဘော တူညီချက် ရယူဖို့ ဆွေးနွေးကြမယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဥက္ကဋ္ဌ ကေအိုင်အေ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

အစည်းအဝေးကို ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ တအာင်း တပ်မတော်၊ ကိုးကန့်အဖွဲ့နဲ့ နာဂ အဖွဲ့တို့ကလွဲပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးက စုစုပေါင်း ကိုယ်စားလှယ် နှစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတကာ ဧည့်သည်တွေ အနေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန် Mr Sun Guoxiang နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီးယားတို့လည်း လေ့လာသူအဖြစ်တက်ရောက်ခဲ့ ပါတယ်။

ဒီအစည်းအဝေးဟာ အရပ်သား အစိုးရက ဦးဆောင် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ တိုင်းရင်းသားတွေ ဘက်က တင်ပြမယ့် အချက်တွေကို အားလုံးသဘောတူညီမှု ရအောင်ညှိနှိုင်းကြမယ့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် များရဲ့အစည်းအဝေး ကြီးဖြစ်ပါတယ်။

အစည်းအဝေး သဘာပတိ ဖြစ်သူ UNFC ဥက္ကဋ္ဌ ကေအိုင်အေ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အခု အစည်းအဝေးကြီး ကနေ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ပုံဖော် သွားနိုင်မယ့် ဘုံသဘောထား တူညီချက် ချမှတ်နိုင်ဖို့ အရေးကြီးကြောင်းနဲ့ စုစည်း ညီညွတ်မှုကို အခြေခံပြီး အားလုံး ပူးပေါင်း တိုက်ပွဲဝင် သွားဖို့ တိုက်တွန်းခဲ့ ပါတယ်။

ဒါ့အပြင် ဒီအစည်းအဝေးက ရရှိတဲ့သဘောတူညီ ချက်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန် လက တိုက်တွန်း ပါတယ်။

အစည်းအဝေးမှာ ပင်လုံ လက်စွဲ စာတမ်း အတွက် တိုင်းရင်းသား တွေရဲ့ ဘုံသဘောထား ရပ်တည်ချက်ကို စုစည်းနိုင်ကြဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူးဦးရယ်က ပြောပါတယ်။

အစည်းအဝေး တက်ရောက်လာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေနမ်ဘီးယား ကတော့ ၂၁ ရာစု ပင်လုံကို တိုင်းရင်းသားတွေ တက်ရောက်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ ၂၇ ရက်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေအတွက် အခြေခံမူ တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ