နယ်တွေအတွက် ဆရာဝန်အသစ်တွေ ခန့်မယ်

  • 26 ဇူလိုင် 2016
Myanmar doctors
Image caption ဆရာဝန်ရှားပါးနေတဲ့ ဒေသတွေ အများအပြားရှိ

လာမယ့် အောက်တိုဘာလ ကုန်ပိုင်းကနေစလို့ တနိုင်ငံလုံးက မြို့နယ်ဆေးရုံတွေမှာ ဆရာဝန်အသစ် နှစ်ထောင်လောက် ခန့်အပ်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇူလိုင်လ ၂၆ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

အသစ်ခန့်မယ့် ဆရာဝန်တွေအထဲက ၁၇၀၀လောက်ကို မြို့နယ်ဆေးရုံတွေက ကုသရေးဌာနတွေမှာ ခန့်အပ်မှာ ဖြစ်ပြီး ကျန်တဲ့ ၃၀၀ လောက်ကိုတော့ တိုင်းရင်ဆေးဝါးဌာနတွေ၊ ဆေးဘက်ဆိုင်ရာ ဌာနတွေနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွေမှာ ခန့်အပ် တာဝန်ချမှာ ဖြစ်ပါတယ်။

ဆရာဝန်အသစ်တွေ ရောက်လာမယ့် မြို့နယ်ဆေးရုံတွေက အတွေ့အကြုံရှိပြီးသားဆရာဝန်တွေကို နယ်တွေနဲ့ ဆရာဝန်ရှားပါးတဲ့နေရာတွေကို ပြောင်းရွှေ့ခန့်အပ်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန် က ပြောပါတယ်။ ရခိုင်ပြည်နယ်ကို ဦးစားပေး ပို့သွားမယ်လို့လည်း ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆရာဝန် အင်အား နောက်ထပ် ၅၀၀၀လောက် ခန့်ထားနိုင်မှ ဆရာဝန်အင်အားပြည့်မီမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ဆက်ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ လာမယ့် ငါးနှစ်တာကာလအတွင်း ဝန်ထမ်းအင်အားအပြည့်အဝရဖို့ ဆောင်ရွက်ဖို့တွေလည်း ရှိနေပါတယ်။ ဒီအတွက်လည်း ဆရာဝန်တွေ ရောက်လာရမယ့် ဒေသတွေက သက်ဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေး၊ သွားရေးလာရေး အဆင်ပြေရေးတွေကို ကူညီဆောင်ရွက်ပေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။

ဝေးလံတဲ့ဒေသတွေကို ဆရာဝန်တွေ သွားချင်အောင် ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ပေးတာ၊ ဆရာဝန်တွေအတွက် သင့်လျော်တဲ့ ထောက်ပံ့မှုတွေ ပေးသွားနိုင်ဖို့လည်း နိုင်ငံတော်ဆီက ဘတ်ဂျက်တွေ တိုးတောင်းသွားဖို့ ရှိတယ်လို့ ဒေါက်တာ မြင့်ဟန်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေနဲ့ ပြည်နယ်တွေမှာ ဆရာဝန်လုံး၀ မရှိတာတွေ ရှိနေပါသေးတယ်။ အခုလို ဆရာဝန် အသစ် ခန့်အပ်တာမျိုးက အရင်ကလည်း ရှိခဲ့ဖူးပေမယ့် တကယ်တမ်း ဒီနေရာတွေမှာ သွားရောက် တာဝန်ထမ်းဆောင်ချင်သူ တွေကတော့ သိပ်မရှိလှပါဘူး။ အခုတော့ ဝန်ကြီးဌာနအနေနဲ့ ဒါတွေကို အဆင်ပြေသွားအောင် စီစဉ်ဆောင်ရွက်သွားဖို့ ရှိနေတယ် လို့ ပြောပါတယ်။