ဖက်ဒရယ်ဖွဲ့စည်းပုံ သဘောတူချက်တချို့ရ

  • 27 ဇူလိုင် 2016
Maijayang Second Day
Image caption မိုင်ဂျာယန် တိုင်းရင်းသား ညီလာခံရောက် တိုင်းရင်းသား ခေါင်းဆောင်များ

မိုင်ဂျာယန် တိုင်းရင်းသား ညီလာခံ ဒုတိယနေ့မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အချက် ၈ ချက်နဲ့ ပတ်သက်လို့ သဘောတူညီချက် တချို့ ရခဲ့ကြပါတယ်။

အဲဒီ အချက်တွေထဲမှာ အချုပ်အခြာ အာဏာ၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့် အရေးကာကွယ်ပေးရေး၊ ဒီမိုကရေစီရေးနဲ့ လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ရေး ကိစ္စရပ်တွေ ပါဝင်တယ်လို့ ပအိုဝ်း အမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ PNO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ဘာသာရေးကို အခြေ မခံတဲ့ နိုင်ငံ ဖြစ်ရေး ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအခြေခံမူဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့က ရေးဆွဲထားခဲ့ တာပါ။

အဲဒီ အခြေခံမူ ၈ ချက်ထဲက ပြည်ထောင်စု မြန်မာနိုင်ငံ သတ်မှတ်ရေး မှာတော့ အမျိုးသား ပြည်နယ်တွေ သတ်မှတ်တဲ့အခါ ပထဝီကို အခြေခံမလား လူမျိုးကို အခြေခံမလား ဆိုတဲ့နေရာမှာတော့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားအများစုက လူမျိုးကို သတ်မှတ်ပြီးခေါ်ဆိုဖို့ သဘောတူတဲ့ အတွက် လက်ရှိ ပြည်နယ်နဲ့ တိုင်း ၁၄ ခု ထဲက တိုင်းဒေသကြီးတွေရဲ့ နာမည်တွေကို ပြောင်းလဲ ခေါ်ဝေါ်ဖို့ သဘောတူခဲ့တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ညီလာခံ ဒုတိယနေ့ ဇူလိုင်လ ၂၇ ရက်နေ့က သဘောတူလိုက်တာဟာ တိုင်ရင်းသား တချို့ လိုလားတဲ့ ၈ ပြည်နယ်မူမျိုး တိုင်းခုနှစ်တိုင်းကို ပေါင်းပြီး ဗမာပြည်နယ် လို သတ်မှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဥပမာအားဖြင့် ရှမ်းတိုင်းရင်းသားအများစုနေထိုင်တဲ့ ပြည်နယ်ကို ရှမ်းပြည်နယ်လို့ သတ်မှတ်ခေါ်ဝေါ်မှာ ဖြစ်ပြီး လူမျိုးတစ်မျိုးတည်း မဟုတ်ဘဲ လူမျိုး ပေါင်းစုံ နေထိုင်ကြတဲ့ ဧရာဝတီတိုင်းကိုတော့ ဧရာဝတီ အမျိုးသားများ ပြည်နယ်လို့ သတ်မှတ် ခေါ်ဝေါ်ကြဖို့ သဘောတူကြတယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

အဲဒီလို ပြင်ဆင်ရင် အစိုးရက သဘောတူနိုင် လိမ့်မယ်လို့ တိုင်းရင်းသား တချို့က ယူဆနေကြ ပါတယ်။

လွှတ်တော်နှစ်ရပ် ထားရှိရေး ခေါင်းစဉ်အောက်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေးမှာတော့ သဘော ထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဆိုတာဟာ ပြည်နယ်က စိတ်ကြိုက် ရွေးချယ် လွှတ်တဲ့ ကိုယ်စားလှယ်ပဲ ဖြစ်သင့်တယ်လို့ တိုင်းရင်းသား တွေက ယူဆကြောင်း မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက ပြောပါတယ်။

နှစ်ရက်တာဆွေးနွေးပြီး ချိန်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တက်ဖို့အတွက် ဘုံသဘောတူညီချက် တချို့ရ ရှိပေမဲ့ သဘောမတူတဲ့ အချက်တွေတော့ အများကြီး ကျန်နေပါသေးတယ်။

တတိယနေ့မှာ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ကိစ္စကို ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ