မိုင်ဂျာယန် တတိယနေ့ လုံခြုံရေး အဓိကဆွေးနွေး

  • 28 ဇူလိုင် 2016
Image caption ဒီမိုကရေစီရေး တန်းတူရေး နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် မရရှိ သေး သ၍ လက်နက် ဖြုတ်သိမ်းမှာ မဟုတ်

၂၁ ရာစု ပင်လုံညီလာ ခံအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကချင်ပြည်နယ် မိုင်ဂျာယန် ဆွေးနွေးပွဲ တတိယ နေ့မှာ ဖက်ဒရယ် တပ်မတော် နဲ့ လုံခြုံရေး ကိစ္စ အဓိက ဆွေးနွေးခဲ့ ပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC နဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူညီချက် NCA ကို လက်မှတ် ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ တို့ရဲ့ မူတွေ အပေါ်မှာ အဓိက ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ညီလာခံ ကျင်းပရေး ဒုဥက္ကဌ ဖြစ်တဲ့ ဖဒို စောကွယ်ထူးဝင်း ကတော့ လုံခြုံရေး ဆိုတာ နိုင်ငံ လုံခြုံရေး ဒေသ လုံခြုံရေး သာမက လူသားတွေ ပြည်သူတွေ ရဲ့လုံခြုံရေး၊ သူတို့ရဲ့ လူမှုရေး ဆိုင်ရာ စီးပွားရေး ဆိုင်ရာ လုံခြုံရေး တွေ ပါ ထည့်သွင်း စဉ်းစား ကြောင်း ပြောပါတယ်။

ကာကွယ်ရေး ဆိုင်ရာနဲ့ ပတ်သက်လို့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ပေါ်ထွန်းရေး ဆိုင်ရာ အပိုင်းတွေ ဘယ်လို ဖွဲ့စည်း မလဲ ဆိုတာ တွေ ပါဝင်ကြောင်း သူက ဆက်ပြော ပါတယ်။

ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေး ကိစ္စ ကိုတော့ ကြာသပတေး နေ့က စာတမ်း တင်တဲ့ အဆင့်ပဲ ရှိခဲ့ပြီး၊ သောကြာနေ့မှာ ဆွေးနွေး မယ်လို့ သိရ ပါတယ်။ ဒီကိစ္စ မပြီး ပြတ်သေးတဲ့ အတွက် ဆွေးနွေးပွဲကို စနေနေ့ အထိ ၁ ရက် ထပ် ထိုးမှာ ဖြစ်ပါတယ်။

DDR SSR လို့ခေါ်တဲ့ လက်နက် ဖြုတ်သိမ်း ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပူးပေါင်းရေး ကိစ္စ ကိုတော့ ဒီပွဲမှာ မဆွေးနွေး ဘူးလို့ ဆိုပေမယ့် တချို့ အဖွဲ့တွေက တော့ သူတို့ ရဲ့ သဘောထား ကိုတင်ပြတာ ရှိတယ်လို့ အဲဒီ မိုင်ဂျာယန် မှာ ရောက်ရှိ နေတဲ့ ဘီဘီစီ သတင်းထောက် ကိုအောင်သူရက ပြောပါတယ်။

ဒီမိုကရေစီရေး တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် မရရှိ သေး သ၍တော့ တိုင်းရင်းသားတွေ ဘက်က လက်နက် ဖြုတ်သိမ်းမှာ မဟုတ် သေးဘူးလို့ ပြောကြ ပါတယ်။