လူ့အခွင့်အရေး ကော်မရှင်သစ် ဖွဲ့ဖို့ လွှတ်တော်မှာ တင်ပြ

Image caption မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ဦးဌေးဦး ဝေဖန် ထောက်ပြ

အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို အသစ် ပြန်လည် ဖွဲ့ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြစဉ် ဦးဌေးဦးက အခုလို တင်ပြ ဆွေးနွေးခဲ့တာပါ။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ တခြား လွှတ်တော် ကိုယ်စားလှယ် ၁၅ဦးကလည်း ထောက်ပြ ဝေဖန် ဆွေးနွေးခဲ့ကြပါတယ်။

နေအိမ်တွေ ဖျက်ဆီးခံရတဲ့ကိစ္စ၊ လယ်ယာမြေတွေ သိမ်းဆည်းခံရတဲ့ ကိစ္စ စတဲ့ နိုင်ငံသားတွေ အမှန်တကယ် နစ်နာရတဲ့ ကိစ္စရပ်မျိုးတွေကို လူ့အခွင့်အရေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းထားတာ မတွေ့ရဘူးလို့ ဦးဌေးဦးက တင်ပြ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ငန်းတွေ မအောင်မြင်ဘူး၊ တာဝန် မကျေပြွန်သလို တာဝန် ပျက်ကွက်မှုတွေ ရှိတယ် ဆိုတာကို ဥပဒေအကိုးအကားတွေနဲ့ သူတင်ပြခဲ့တယ်လို့ ဦးဌေးဦးက ဘီဘီစီကို ပြောပါတယ်။

ကော်မရှင် အဖွဲ့ဝင်တွေဟာ အရင်အစိုးရက စိတ်တိုင်းကျ ရွေးထားသူတွေ ဖြစ်တဲ့အတွက် အဲဒီလူတွေရဲ့ အတွေးအခေါ်တွေက အရင်ခေတ်က အတွေးအခေါ်တွေ အတိုင်း ဖြစ်နေလိမ့်မယ်၊ ဒါ့ကြောင့် ကော်မရှင်ကို အသစ် ပြန်ဖွဲ့ဖို့ လိုတယ်လို့ ဆိုပါတယ်။