ဝနဲ့မိုင်းလား ငြိမ်းချမ်းရေး ညီလာခံမှာ ပါဖို့ ကြိုးစားမယ်

  • 29 ဇူလိုင် 2016
DASSK UWSA and NDAA meeting ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption အစိုးရသစ်လက်ထက်မှာ ဝ၊ မိုင်းလားအဖွဲ့ တို့နဲ့ ပထမဆုံး တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA မိုင်းလား အဖွဲ့တို့က လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပထမဆုံး တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အစိုးရဖက်က ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန ဝန်ကြီးဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီကတော့ ဗဟိုပေါလစ်ဗျူရို နဲ့ အမြဲတမ်း ကော်မတီ ဒုတိယအတွင်းရေးမှူး ဦးပေါက်ယူယိ ဦးဆောင်ပြီး အထူးဒေသ ၄ မိုင်းလားအဖွဲ့ကို ဥက္ကဋ္ဌ ဦးစိုင်းလင်းက ဦးဆောင်ခဲ့ပါတယ်။

ဝနဲ့ မိုင်းလား အဖွဲ့က သူတို့ရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး သဘောထား၊ ငြိမ်းချမ်းရေးမှာ ပါဝင် ပူးပေါင်း ဆောင်ရွက်လိုတဲ့ အခြေ အနေတို့ကို အစိုးရထံ လာရောက် တင်ပြ ခဲ့တာလို့ ဦးသိန်းဇော်က ပြောပါတယ်။

သူတို့ဖက်က သဘောထားကို ပွင့်ပွင့်လင်းလင်း သိလာရတဲ့ အတွက် အနာဂတ် ငြိမ်းချမ်းရေး လမ်းကြောင်း ပိုမို ပွင့်လင်း လာနိုင်တယ်လို့လည်း သူကဆိုပါတယ်။

အခု ဆွေးနွေးပွဲဟာ ၂၁ ရာစု ပင်လုံမှာ ပါဝင်နိုင်ရေး အတွက် မူအားဖြင့် ဆွေးနွေးခဲ့ကြ တာသာဖြစ်ပြီး တောင်းဆိုထားတဲ့ ပြည်နယ် ကိစ္စ မပါဘူးလို့ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက သတင်း မီဒီယာတွေကို ပြောခဲ့ပါတယ်။

NCA တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လမ်းကြောင်း အတိုင်း သွားနေတဲ့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့ လက်မှတ်မထိုးဘဲ ကျန်နေတဲ့ အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ရှေ့ဆက် ဆွေးနွေး စရာတွေ အများကြီး ရှိသေးတယ်လို့ လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကတော့ အတိုက်အခံ အနေနဲ့ ပြောခဲ့ ကတိပေးခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အခု အာဏာရချိန်မှာ ပြောင်းလဲမှု မရှိဘဲ ဆက်လက် အကောင်အထည် ဖေါ်သွားမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲ အပြီးမှာ ဝနဲ့ မိုင်းလား အဖွဲ့ ကိုယ်စားလှယ်တွေနဲ့အတူ လိုက်ပါလာတဲ့ လူငယ် ၁၀၀ ကျော်က ဒေါ်အောင်ဆန်း စုကြည်နဲ့ သီးခြား တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား ဒေသတွေက ပညာရေး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ စီမံချက်တွေကို မေးခဲ့ရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဝနဲ့ မိုင်းလားအဖွဲ့တွေ ကလည်း ညနေပိုင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံ ခဲ့ပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ စနေနေ့မှာ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ ဝအဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး မိုင်လား အဖွဲ့ကတော့ ရန်ကုန်မှာ သီးခြားတွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ