ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံ

  • 30 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption နေပြည်တော်မှာ ပထမဆုံး အကြိမ်အဖြစ် ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ပထမဆုံးအနေနဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီနဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ နေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ ဒီနေ့ ဇူလိုင်လ ၃၀ရက် မနက်က တွေ့ဆုံခဲ့ကြပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ဟာ အထူးဒေသ အမှတ် နှစ် ၊ ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီကတော့ ဗဟို ပေါလစ်ဗျူရို နဲ့ အမြဲတမ်း ကော်မတီ ဒုတိယအတွင်းရေးမှူး ဦးပေါက်ယူယိ ဦးဆောင်တဲ့အဖွဲ့နဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ အထူးတလည် မရပေမယ့် ငြိမ်းချမ်းရေးရမယ့် အပေါင်းလက္ခဏာ ဆောင်တဲ့ ရလဒ်တွေ ရတယ်လို့ နှစ်ဖက်စလုံးက ပြောခဲ့ပါတယ် ။

ဝ အဖွဲ့ အနေနဲ့ အရင် အစိုးရနဲ့ လည်းကောင်း ၊ တပ်မတော်နဲ့ လည်းကောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စိတ်ရော ကိုယ်ပါ ပူးပေါင်း ပါ၀င်ခဲ့သလို လက်ရှိ အစိုးရနဲ့ လည်းကောင်း ၊ တပ်မတော် နဲ့ လည်းကောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပြည့်အ၀ ပူးပေါင်း သွားမယ် ၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကိုလည်း မျှော်လင့်ချက် ကြီးစွာ ထားရှိပါတယ်လို့ ဆိုကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး ပြောပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေ အရ အခက်အခဲ အများကြီး ရှိနိုင်ပြီး အခက်အခဲတွေကို အခုလို မကြာခဏ တွေ့ဆုံ ညှိနှိုင်း အဖြေရှာမှသာ ဒီအခက်အခဲတွေ ပြေလည်သွားမယ်လို့ သူက ဆိုပါတယ်။

အခက်အခဲ ဆိုတာကတော့ သက်ဆိုင်ရာ အဖွဲ့တခုချင်းဆီက အကျိုးစီးပွား မတူတဲ့ အခါ ရပ်တည်ချက် မတူသလို သူလိုလားချက် ကိုယ့်လိုလားချက် အကုန်လုံးကို ညှိဖို့ လိုတာပေါ့ ၊ ဒါကို အခက်အခဲလို့ ဆိုလိုတာလို့ သူက ရှင်းပြခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်ချနိုင်မယ့် ခေါင်းဆောင်ကြီးတွေမပါသေးတာကြောင့် ဌာနေကို ပြန်ရောက်မှ ပြန်လည်ဆွေးနွေးပြီး နောက်ထပ်အစိုးရအဆင့် ပုဂ္ဂိုလ်တွေနဲ့ ထပ်ပြီးတွေ့မယ်လို့ ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီရဲ့ ပြင်ပဆက်ဆံရေး အကြီးအမှူး ဦးကျောက်ကော်အန်း ကလည်း ပြောပါတယ်။

ဝ အဖွဲ့ဟာ ငြိမ်းချမ်းရေးကော်မရှင်နဲ့မတွေ့ခင် ဒီမနက်က နိုင်ငံတော်သမတဟောင်း ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပေမယ့် နှစ်ဖက်လုံးက ထုတ်ပြန်ပြောဆိုတာမရှိခဲ့ပါဘူး။

ကျန်ခဲ့တဲ့ မိုင်းလားအဖွဲ့ ကတော့ သြဂုတ်လ ၁ ရက်နေ့ နေ့လယ် ၂နာရီ ရန်ကုန်က အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ပြည်ထောင်စုအဆင့် ဆွေးနွေးမယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ပြောပါတယ်။

မနေ့က ဇူလိုင်လ ၂၉ ရက်နေ့တုန်းက မိုင်းလား အဖွဲ့ အပါအ၀င် ၀ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ က အဖွဲ့တွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် ကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ