မိုင်ဂျာယန်ရလဒ်တွေကို အစိုးရ ကြိုဆို

  • 31 ဇူလိုင် 2016
Mai Ja Yang ethnic conference ဓာတ်ပုံ မူပိုင် epa

တိုင်ရင်းသားလက်နက်ကိုင်တွေရဲ့ မိုင်ဂျာယန်ညီလာခံမှာ သုံးပွင့်ဆိုင်ဆွေးနွေးရေးမူကို သဘောတူကြတာက ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် အထောက်အကူဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် ၂၆ ရက်ကနေ ၃၀ ရက်အထိ ၅ ရက်ကြာ ကျင်းပခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ နိုင်ငံရေးဘုံသဘောထားတွေ စုစည်းနိုင်ခဲ့ကြောင်းနဲ့ မရရှိသေးတဲ့ ဘုံသဘောထားတွေ ထပ်ရဖို့အတွက်လည်း အပစ်ရပ် လက်မှတ်မထိုးထားသူတွေနဲ့ ထိုးထားသူတွေကြား ပူးတွဲနည်းလမ်းရှာသွားဖို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ သဘောတူခဲ့ကြပါတယ်။

တိုင်းရင်းသားတွေပြောတဲ့ သုံးပွင့်ဆိုင်မူကတော့ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က တစ်စု၊ တိုင်းရင်းသား လက်နက်ကိုင်တွေက တစ်စုနဲ့ နိုင်ငံရေးပါတီတွေက တစ်စု ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဒီမိုင်ဂျာယန်ညီလာခံအပြီးမှာ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်းနဲ့ ညီလာခံရလဒ်တွေကို တိုင်းရင်းသားတွေနဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဇော်ဌေးက ပြောပါတယ်။

တိုင်ရင်းသားတွေ ဆွေးနွေးခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စကိုတော့ အသေးစိတ် ဆွေးနွေးဖို့ လိုသေးသလို အဲဒီဖက်ဒရယ်ကိစ္စဟာ အားလုံးစုံညီ ဆွေးနွေးပြီးမှ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးမူဘောင်ရလဒ်အပေါ် မူတည်ကြောင်း သူက ပြောပါတယ်။

အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို သြဂုတ်လ နောက်ဆုံးပတ် မတိုင်ခင် ကျင်းပဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ