ရေကြီးလို့ ရတနာပုံ တက္ကသိုလ်ပိတ်

  • 1 ဩဂုတ် 2016
mandalay_floods_uthuta ဓာတ်ပုံ မူပိုင် U Thuta
Image caption ရေကြီးနေတဲ့ ရတနာပုံ တက္ကသိုလ်

စစ်ကိုင်းတိုင်းဦ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ရေကြီး ရေလျှံမှုတွေ ဆက်လက် ဖြစ်ပွားနေပြီး မန္တလေး ဝန်းကျင်မှာ ဧရာဝတီမြစ်ရေ ဆက်တက် နေသေးတဲ့ အတွက် ရတနာပုံ တက္ကသိုလ်ကို ရက်အကန့်သတ်မရှိ ပိတ်ထားလိုက် ပါတယ်။

တောင်သမန်အင်းထဲမှာလည်း ရေတွေ တက်လာပြီး ဦးပိန် တံတားကြီးရဲ့ ကြမ်းပြင်နဲ့ ထိနေပြီဖြစ်လို့ တံတားပေါ်ကို ဖြတ်သန်းခွင့် ပိတ်လိုက်ပါပြီ။

ဧရာဝတီမြစ်ရေ တိုးတာဟာ မနှစ်ကထက် ကျော်သွားပြီဖြစ်လို့ မန္တလေးတဝိုက်မှာရော ဧရာဝတီမြစ် တလျှောက်က ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ မြစ်ကမ်းဘေး နေသူတွေ ဘေးလွတ်ရာကို ရွေ့ပြောင်းနေကြရပါတယ်။

ဧရာဝတီမြစ်ကမ်းဘေး မန္တလေးနဲ့ မျက်နှာခြင်းဆိုင် ရေလယ်ကျွန်းတွေ ပေါ်က ဒေသခံတွေအနေနဲ့ အမြင့်ပိုင်းမှာ နေသူတွေ အဆင်ပြေပေမဲ့ အနိမ့်ပိုင်းမှာ နေသူတွေက မန္တလေး ဘက်ကူးလာပြီး တဲထိုးနေကြပါတယ်။

အလားတူဘဲ မြင်းခြံ မြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံတွေလည်း ရေထပ်တက်ဦးမယ် ဆိုတဲ့သတင်းတွေကြောင့် စိုးရိမ်ပြီး လူရော အိမ်မွေးတိရိစ္ဆာန်တွေပါ ဘေးလွတ်ရာကို ရွှေ့နေကြပါတယ်။

ရေဝင်ဒေသက ပြည်သူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘေးလွတ်ရာကို ရွှေ့နေကြပါတယ်။

အစိုးရဘက်ကလည်း ရေကင်းချထားပြီး အကူအညီ တောင်းခံလာရင် အရေးပေါ် ကယ်ဆယ်ဖို့ ပြင်ဆင် ထားတာတွေ တွေ့ရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဌာနက ဦးစီးအရာရှိ ဦးမျိုးထွန်းဦးက သပိတ်ကျင်းမှာ ရေစတင် ကျနေပြီး မန္တလေးမှာ နောက် ၃ ရက်အတွင်း ကျသွားမယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေက အထက်ပိုင်းမှာ ပြန်ကျ လာပြီမို့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ အန္တရာယ်နည်းသွားပေမဲ့ ဧရာဝတီနဲ့ ချင်းတွင်းဆုံတဲ့နေရာ အောက်ပိုင်းတွေမှာ စိုးရိမ်ရမယ့် အနေအထားမှာ ရှိနေပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ