မိုင်းလား အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ မိုင်းလား အဖွဲ့ ပထမဆုံး တွေ့ကြတာ ဖြစ်

မိုင်းလား လက်နက်ကိုင် အဖွဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA ) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင် တဲ့ အဖွဲ့ဝင် တွေနဲ့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင်တွေ တနင်္လာနေ့ က ရန်ကုန်မြို့ National Reconciliation and Peace Center (NRPC) မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

အစိုးရသစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ မိုင်းလား လက်နက်ကိုင် အဖွဲ့တွေ ဟာ ဒါဟာ ပထမဆုံး တွေ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မိုင်းလား အဖွဲ့ ဘက်က ခွဲမထွက်ရေးမူ ကို ဆုပ်ကိုင် ထားမယ့် အကြောင်းနဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ အဖွဲ့ အားလုံး ပါဝင်သင့် တယ်လို့ ဆွေးနွေးခဲ့ ပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ကို လက်မှတ် ထိုးနိုင်ရေး အတွက်လည်း မိုင်းလား အဖွဲ့ အတွင်း ပြန်လည် ဆွေးနွေး မယ်လို့ ပြောကြားသွား ပါတယ်။

အစိုးရဘက် ကတော့ ၂၁ ပင်လုံ ညီလာခံ အတွက် မူဘောင် ချမှတ်ရေး သြဂုတ်လ ဆွေးနွေးပွဲ ကျရင် မိုင်းလား အဖွဲ့ အနေနဲ့ ကိုယ်စားလှယ် စေလွှတ်ပေးဖို့ ဆွေးနွေးခဲ့ပြီး ညီလာခံ ကျင်းပတဲ့ အခါမှာလည်း မိုင်းလား တက်ရောက်ရေး နည်းလမ်း ရှာဖို့ ပြန်လည် ဆွေးနွေးလိုက်တယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ဇော်ဦး ကပြောပါတယ်။

တွေ့ဆုံပွဲ အပြီးမှာ မိုင်းလား ဘက်က ၂၁ ပင်လုံ ညီလာခံ တက်မယ် ဆိုတာ မျိုး တိတိ ကျကျ မသိရ ပေမယ့် အစိုးရ ဘက်ကတော့ တက်လိမ့် မယ်လို့ ယူဆနေ ပါတယ်။

တပ်မတော် ဘက်က အရင် အသိမှတ် မပြုခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဖြစ်တဲ့ တအာန်း ကိုးကန့် အေအေ တို့ နဲ့လည်း အစိုးရ ဘက်က ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး နေပြီး ဒီအပတ် ထဲမှာ တွေ့ဆုံဖို့ ရှိ နေတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။