စိုးရိမ်စရာဖြစ်လာနေတဲ့ မူးယစ်ဆေးပြသနာ

ဓာတ်ပုံ မူပိုင် AP
Image caption ရှမ်းပြည်မြောက်ပိုင်းက ဘိန်းစိုက်ခင်းတခု

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးဟာ မြို့ကြီးတွေမှာတင်မက ကျေးရွာတွေ ကျောင်တွေမှာတောင် လွယ်လင့်တကူဝယ်လို့ ရနေတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် နမ်ခမ်းမြို့က ဒေသခံအမျိုးသမီးတဦးက သူတို့ ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေများလာနေပြီး သူတို့ရွာမှာဆိုရင် မူးယစ်ဆေးမသုံးတဲ့လူက ၁၀ ယောက်လောက်ပဲရှိတော့တယ်လို့ ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလိုင်ခမ်းက ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေများပြားနေတဲ့ အတွက်နှိမ်နင်းဖို့ လိုအပ်ကြောင်းအဆိုကို တင်ပြခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေကြလို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အခက်အခဲဖြစ်နေကြတယ်လို့ သူက ပြောပြခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကိုတော့ သူက ဖေါ်ပြခဲ့ခြင်းမရှိပါဘူး။

ရန်ကုန်လိုမြို့ကြီးတွေမှာလည်း မူးယစ်ဆေးဝါးတွေ တနေ့တခြားများပြားလာတဲ့ကြောင့် သားသမီးတွေအတွက် စိုးရိမ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

မန္တလေးမှာဆိုရင် ဧရာဝတီမြစ်ထဲမှာ ဖေါင်တွေ လှေတွေ တဲတွေနဲ့ ဘိန်းဖြူ ရာဘ စတဲ့ မူးယဟ်ဆေးဝါးတွေကို တရားဝင်လိုလို ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူများလာနဲ့အမျှ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့ ခိုးဝှက် လူယက်မှုတွေ ခိုက်ရန်ဖြစ်ပွာမှုစတဲ့ ရာဇဝတ်မှုတွေလည်း များပြားလာတယ်လို့ ဆိုပါတယ်။

အမျိုးသားလွှတ်တော်ကတော့ အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလိုင်ခမ်းရဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းဖို့ လိုအပ်ကြောင်းအဆိုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်ဖို့လို့ ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုလိုက်ပါတယ်။