မကွေး မင်းဘူး နဲ့ အောက်ပိုင်း မြို့တွေမှာ ရေဆက်တိုး

  • 3 ဩဂုတ် 2016
Image caption မြန်မာပြည်အထက်ပိုင်း မိုးထပ်ရွာရင် ရေထပ် ကြီးနိုင်

မန္တလေး ဘက်မှာ ရေကျ သွားပေမယ့် မြန်မာ နိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်း ဒေသ တွေမှာ ရေဘေး ဒဏ်ကို ဆိုးဆိုး ရွားရွား ကြုံတွေ့ နေရပါတယ်။

ဧရာဝတီ မြစ်ရေဟာ မန္တလေး မှာ တစ်ထွာ လောက် ပြန်ကျပြီး ညောင်ဦး ပခုက္ကူ မှာ ရေ အတက် ငြိမ်သွား ပေမယ့် မကွေး မင်းဘူး ဘက်မှာတော့ ဧရာဝတီ မြစ်ရေဟာ တိုးနေဆဲ ဖြစ်ပါတယ်။

ရေနံချောင်း ဘက်မှာတော့ ဗုဒ္ဓဟူး နေ့က တစ်တောင်လောက် ထပ်တက်တယ် လို့ ရေနံချောင်း မြို့နယ် သူဌေးကုန်းရွာ ဒေသခံ တစ်ဦး က ပြောပါတယ်။

ဧရာဝတီ၊ ချင်းတွင်းနဲ့ ငဝန် မြစ်တွေမှာ စိုးရိမ် ရေမှတ် ကျော်နေဆဲ ဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးတွေမှာ ရေဘေး ဒုက္ခ ရင်ဆိုင် နေရသူ တစ်သိန်း ကျော် ရှိလာ ပါပြီ။

မြို ရွာ အနှံ့ အပြားမှာ ရေကြီး ရေလျှံ မှုတွေ ဖြစ်နေ တာကြောင့် ချောက်၊ မင်းဘူး၊ မကွေး နဲ့ အောင်လံ တို့မှာ အခု အခြေအနေ ကနေ ၂ ပေလာက် အထိ ထပ်တက် နေမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီး ဌာန ဦးစီး အရာရှိ ဦးမျိုးထွန်းဦး က ပြောပါတယ်။

ချင်းတွင်းနဲ့ ဧရာဝတီ မြစ်ဒေသ တချို့မှာ ရေကြီးနေတာဟာ အခု ဆိုရင် တစ်ချို့ နေရာ တွေမှာ တစ်လ နီးပါး ရှိလာပြီ ဖြစ်ပြီး ရေတွေ ပြန်မကျ သေးတာ ကြောင့် စီးပွားရေး လူမှုရေး ထိခိုက် မှုတွေ ရှိနေ ပါတယ်။

အခု လောလောဆယ် မြန်မာနိုင်ငံ အနှံ့ မြစ်ရေ တိုးမှုဟာ အတက် အနေအထားမှာပဲ ရှိပြီးတော့ ရေကျဖို့ ပုံမှန် အခြေအနေ ပြန်ရောက်ဖို့ နောက် အနည်း ဆုံး ၁၀ ရက် လောက် ကြာနိုင်တယ် လို့လည်း မိုးဇလက ပြောပါတယ်။