ကရင် နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ပွဲဖြစ်

  • 4 ဩဂုတ် 2016
DKBA Saw Moshe
Image caption အစိုးရနဲ့ အပစ်ရပ်ထားတဲ့ DKBA အဖွဲ့ကို ဗိုလ်ချုပ်ကြီး စောမိုရှေးက ဦးဆောင်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နားမှာ သြဂုတ်လ ၄ ရက်နေ့ မနက်က ကရင် လက်နက်ကိုင် နှစ်ဖွဲ့ တိုက်ပွဲ ဖြစ်ခဲ့လို့ ရွာသားတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြ ပါတယ်။

ကော့ကရိတ် မြို့ကနေ မြဝတီဖက်သွားတဲ့ မြို့အထွက်က တတိုင်ကူးရွာ အခြေစိုက် ကရင် နယ်ခြားစောင့်တပ် BGF တပ်ရင်: ၁၀၁၇ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး စောကျော်နောင်ရဲ့ တပ်ကို ဗိုလ်ချုပ်ကျော်သက်ရဲ့ DKBA ခွဲထွက်အဖွဲ့ လက်အောက်ခံ တပ်က မနက် ၅ နာရီ ခွဲလောက်မှာ ဝင်တိုက်ရင်း တိုက်ပွဲဖြစ်ခဲ့ကြ တာပါ။

မွန်းလွဲပိုင်းမှာတော့ တတိုင်ကူး ရွာမှာ သေနတ်သံတွေ မကြားရတော့ပေမဲ့ ရွာထဲမှာ တိတ်ဆိတ် နေပြီး ရွာသားတွေလည်း သတိနဲ့ နေနေကြရ ပါတယ်။

နှစ်ဖက်တပ်တွေ တိုက်ခိုက်မှုကြောင့် အရပ်သားတွေနဲ့ နေအိမ် တချို့ ထိခိုက် ပျက်စီးခဲ့ပါတယ်။

အဲဒီ တိုက်ပွဲကြောင့် ရွာသား ငါးယောက် ဒဏ်ရာ ရခဲ့ရာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်လည်း ပါဝင် ပါတယ်။

ကရင် နယ်ခြားစောင့်တပ်ဟာ သူတို့ကို ဝင်တိုက်တဲ့ DKBA ခွဲထွက် အဖွဲ့ကို ညနေပိုင်းအထိ လိုက်လံ တိုက်ခိုက်ရင်း အမ် ၇၉ လောင်ချာ တစ်လက်ကို သိမ်းဆည်းခဲ့ပါတယ်။

အဲဒီ တိုက်ပွဲကြောင့် ရွာသား ငါးယောက် ဒဏ်ရာ ရခဲ့ပါတယ်။

လေးယောက်ကို ကော့ကရိတ် ဆေးရုံကို ပို့ခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူ တစ်ယောက်ကို မဲဆောက် ဆေးရုံကို ပို့ခဲ့ပါတယ်။

ကော့ကရိတ်မြို့ အနီးအနားမှာ တိုက်ပွဲတွေ မရှိတာ အတော်ကြာသွားပြီ ဖြစ်ပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် အစိုးရစစ်တပ် လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ် ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ မတိုင်ခင် အပစ်မရပ်သေးတဲ့ သူတို့ရဲ့ ရန်ဘက် DKBA ခွဲထွက် အဖွဲ့က သူတို့မှာ လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ပြတဲ့ သဘောနဲ့ အခုလို တိုက်တာ ဖြစ်နိုင်တယ်လို့ ကရင် လက်နက်ကိုင်တွေ အရေး စောင့်ကြည့်သူတွေက ပြောပါတယ်။

ကရင်ပြည်နယ်မှာ DKBA နှစ်ဖွဲ့ ရှိပြီး အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ဗိုလ်ချုပ်ကြီး စောမိုရှေး ဦးဆောင်တဲ့ အဖွဲ့နဲ့ ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်တဲ့ အပစ်မရပ်ရ သေးတဲ့ DKBA ခွဲထွက်အဖွဲ့တို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ