မြစ်ရေ အထက်က အောက်ကို ကျလာတော့မယ်

  • 4 ဩဂုတ် 2016
flood myanmar
Image caption ရေဘေးကြောင့် ပြောင်းရွှေ့ နေထိုင်ရ

မြန်မာပြည် အလယ်ပိုင်း ရေလွှမ်းနေတဲ့ ဒေသအချို့မှာ ရေတွေ ကျဆင်းလာနေလို့ ဝမ်းသာစရာ ဖြစ်ပေမယ့် အဲဒီရေတွေဟာ ဧရာဝတီ မြစ်အောက်ပိုင်း ဒေသတွေ ကို မကြာမီ ရက်ပိုင်းအတွင်း ရောက်လာတော့ မှာ ဖြစ်ပါတယ်။

ဧရာဝတီ မြစ်လက်တက်တွေ ခွဲဖြာ ပြီး ပင်လယ် စီးဝင်ရာ ဧရာဝတီတိုင်း အတွင်းမှာ မြစ်ရေကြီးနေသလို ထပ်ပြီးတက်လာနိုင်တဲ့ အတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။

ဧရာဝတီ တိုင်းအတွင်း မှာ စိုးရိမ်ရေမှတ် ကျော်နေတဲ့ မြစ်ကြီး နှစ်စင်းကတော့ အထက်က စီးလာတဲ့ ဧရာဝတီမြစ်နဲ့ မြစ်လက်တက် ငဝန်မြစ်တို့ ဖြစ်ပါတယ် ။

မြန်မာပြည် အလယ်ပိုင်းနဲ့ နီးတဲ့ မြန်အောင်မြို့နယ်မှာ ရေကြီးနေသလို ဟင်္သာတမြို့ဟာလည်း စိုးရိမ်ရေမှတ်ကို ကျော်နေပါတယ် ။

နောက်ရက်တွေမှာ မြစ်ရေတွေ ဒီထက် တိုးလာနိုင်တဲ့အတွက် ဧရာဝတီတိုင်း အစိုးရက ပြင်ဆင်ထားတယ် လို့ အစိုးရ အဖွဲ့ရုံး ညွန်ကြားရေး မှူး ဦးမျိုးမင်းထွန်းက ပြောပါတယ် ။

လက်ရှိ ဧရာဝတီတိုင်း အတွင်းမှာ ရေဘေးကြောင့် ပြောင်းရွှေ့ နေထိုင်ရသူပေါင်း ၇ဝဝဝ ကျော်ရှိပြီး မြန်အောင် မြို့နယ်မှာ အများဆုံး ဖြစ်တယ် လို့ သိရပါတယ် ။

ဒါ့အပြင် ဧရာဝတီတိုင်း အတွင်း ဟင်္သာတမှာ ကယ်ဆယ်ရေး စခန်း ၅ ခု၊ ဇလွန်မှာ ၆ ခု၊ မြန်အောင်မှာ စခန်း ၃ဝ၊ ကြံခင်း ၇၊ အင်္ဂပူ ၂၊ စုစု ပေါင်း ၅ဝ ကျော် ဖွင့်ထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ် ။

မနှစ်က ရေကြီးမှု ပမာဏ ကို ကာကွယ် နိုင်အောင် ဆောင်ရွက်ထားတယ် လို့လည်း ဦးမျိုးမင်းထွန်းက ဆက်ပြောပါတယ် ။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေ ဖြစ်တဲ့ မင်းဘူး ချောက် တို့ မှာ မြစ်ရေတွေ ကျဆင်းစ ပြုလာပေမယ့် အောင်လံ၊ ပြည်၊ ဇလွန်၊ ဟင်္သာတ မှာ မြစ်ရေ လက်ရှိထက် နောက်တပေလောက် မနက်ဖြန် မှာ ဆက်တက်မယ်လို့ မိုးဇလက မှန်းပါတယ် ။

ဘင်္ဂလား ပင်လယ်အော် မှာလည်း အခုရက်ပိုင်း မုတ်သုံလေ အားကောင်း နေတာကြောင့် မြစ်ရေ အခုခန့်မှန်း တာထက် ပိုနိုင်တယ်လို့ သုံးသပ်နေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ