ICG အာရှဒါရိုက်တာနဲ့ ဆက်သွယ်မေးမြန်းခန်း

  • 4 ဩဂုတ် 2016
suu ဓာတ်ပုံ မူပိုင် EPA
Image caption စစ်တပ်နဲ့ ဆက်ဆံရေး ကို ပြေလည်အောင် လုပ်နိုင်ခဲ့

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် ဟာ စစ်တပ် ကျောထောက် နောက်ခံ ပြု အစိုးရ ဆီကနေ ချောချောမွေ့မွေ့ အာဏာလွှဲပြောင်း ရယူခဲ့ပြီး ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ကို မြန်မြန်ဆန်ဆန် လွှတ်ပေးခဲ့တာမျိုး၊ မဆီလျော်တဲ့ ဖိနှိပ်တဲ့ ဥပဒေတချို့ကို ပြင်တာပြင်၊ ပယ်ဖျက်တာဖျက် လုပ်နိုင်ခဲ့တယ် လို့ အစိုးရသစ်ရဲ့ ၄ လ အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ လေ့လာ အကဲဖြတ်တဲ့ အစီရင်ခံစာ တစောင်ကို နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICGက မကြာခင်က ထုတ်ပြန် ခဲ့ပါတယ်။

ကြီးကြီးကျယ်ကျယ် အမှားမျိုး မရှိပေမယ့် ငြိမ်းချမ်းရေးနဲ့ ရခိုင်အရေး တွေမှာ ခြေလှမ်း မှားတာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တဦးတည်း ကြီးလေးတဲ့ တာဝန်တွေယူထားပြီး တာဝန်ခွဲဝေမှု မရှိ ဖြစ်နေတယ် လို့ ဖော်ပြထားပါတယ်။

ICG က အာရှ အစီအစဉ်ဆိုင်ရာ ဒါရိုက်တာ Tim Johnston ကို ဘီဘီစီက ဆက်သွယ် မေးကြည့်ထားပါတယ်။ ပထမဆုံး အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေအနက် အကောင်းအဆိုး အဓိက ဘာတွေ တွေ့ခဲ့ရပါသလဲလို့ မေးတော့

ကောင်းတာရော မကောင်းတာရော ရောနေပါတယ်။ ဒါပေမယ့် ကောင်းတာကတော့ ပိုများပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဆုံးအဖြတ် မှားတာ တချို့ရှိခဲ့တယ်လို့ ယူဆပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကို ယူခဲ့တာမျိုး ဆိုရင် စစ်တပ်နဲ့ ကြိုတင် တိုင်ပင်ပြီး လုပ်နိုင်ခဲ့ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ် ကိစ္စမှာလည်း ရခိုင် အမျိုးသားပါတီနဲ့ ဖြစ်ခဲ့တာဟာ ရှောင်လွှဲလို့ရနိုင်တဲ့ ခြေလှမ်းမျိုးပါ။ ဒါပေမယ့် ဒီအစိုးရဟာ အတွေ့အကြုံ မရှိသေးတဲ့ အစိုးရသစ်ပါ။ ထိန်းချုပ်မှုတွေ အများကြီး အောက်က နိုင်ငံကို ကိုင်တွယ် အုပ်ချုပ် နေရတာ ဆိုတော့ ဒါကိုနားလည်လို့ ရနိုင်ပါတယ်။ ကောင်းတဲ့ အချက်တွေ ကတော့ သူတို့ အာဏာကို လွှဲပြောင်းယူပြီး ကတည်းက နိုင်ငံတော် အတိုင်ခံပုဂ္ဂိုလ် ဥပဒေကိစ္စ နောက်ပိုင်း အရေးကြီးတဲ့ စစ်တပ်နဲ့ ဆက်ဆံရေး ကို ပြေလည်အောင် လုပ်နိုင်ခဲ့တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာလည်း အမြင်အားဖြင့် စစ်တပ်နဲ့ ညီညွတ်မှု ရနေတဲ့ သဘော တွေ့ရပါတယ်။ ဒီတော့ လက်ရှိ အနေအထား ဟာ အားရစရာလို့ ကျနော်တို့ မြင်ပါတယ်။

ဒီတော့ အဆုံးအဖြတ်မှားတယ် ခြေလှမ်းမှားတယ်လို့ ဘာကြောင့် ယူဆတာပါလဲ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ သိပ်သိမ်မွေ့တဲ့ လုပ်ငန်းစဉ်ပါ။ ဒါကြောင့် ပါဝင်ပတ်သက်သူတွေရဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေကို နားထောင်ဖို့လိုပါတယ်။ သူတို့နဲ့ အပြည့်အဝတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။ အခုအချိန် ဒီမိုကရေစီဟာ သိပ်ကိုနုနယ်သေးပြီး အတိမ်းအစောင်း မခံနိုင်တဲ့ အနေအထားဖြစ်လို့ ကိုယ်က မရည်ရွယ်ဘဲ ပြောခဲ့ လုပ်ခဲ့တာတွေကို တဘက်က သူတို့အပေါ် အာဏာရှင်ဆန်ဆန် အတင်းအကျပ် လုပ်ခိုင်းတယ်လို့ မြင်သွားရင် သူတို့အနေနဲ့ စိုးရိမ် ကြပါလိမ့်မယ်။ အခု လောလောဆယ် အစိုးရအဖွဲ့ထဲ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး၊ သမ္မတရုံး ဝန်ကြီး တာဝန်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေး စတာတွေမှာ ဦးဆောင်တဲ့တာဝန် စတဲ့ တာဝန်တွေ အများကြီးကို ယူထားပါတယ်။ ဒီတော့ လုပ်ချင်ဇောများပြီး ခုနက ပြောတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ သတိကြီးကြီး ထားဖို့လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်ယူထားတာများတယ် တာဝန်ကို ခွဲဝေပေးတာမျိုးမရှိဘူးလို့ ပြောခဲ့ပါတယ်။ တာဝန်ခွဲမပေးတာ ဘာကြောင့်လဲဗျ။

ကျနော်သေသေချာချာမသိပါဘူး၊ သူ့ပဲသိပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၄-၅ လက နိုင်ငံမှာကြီးမားတဲ့ ပြဿနာတွေ အများကြီးရှိနေခဲ့တာ ဆိုတော့ သူ့အနေနဲ့ ဒီပြဿနာတွေ အားလုံးကို ကိုင်တွယ်ဖြေရှင်းလိုတဲ့ ဆန္ဒ ရှိခဲ့ပါလိမ့်မယ် ။ ကျနော်အထင် သိမ်မွေ့တဲ့ နိုင်ငံခြားဆက်ဆံရေး ကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်အရေး စတဲ့ ပြဿနာကြီး တွေကို သူကိုယ်တိုင် ဖြေရှင်းရမယ်လို့ ခံယူထားပုံ ပေါ်ပါတယ်။ အခုတော့ သူ့အပေါ်မှာ တာဝန်တွေ ပိနေပါတယ်။ အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုရင် တိုင်ပင် ဆွေးနွေးတဲ့ နည်လမ်းအပြင် သူရဲ့ တာဝန်ကို ခွဲဝေးပေးနိုင်စွမ်း အပေါ် မူတည်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ