လက်နက်မစွန့်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါနိုင်

  • 5 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption TNLA တအာင်းပလောင် တပ်ဖွဲ့

စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေခဲ့တာကြောင့် လက်နက်စွန့်မှ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ တပ်မတော်ဘက်က ပြောကြားထားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ဖြစ်တဲ့ တအာင်းပလောင် TNLAတပ်ဖွဲ့၊ ကိုးကန့် NMDAA ရခိုင်တပ်မတော် AA တို့ကို အခု လက်နက်စွန့်စရာမလိုပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့် ပြုမယ်လို့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောပါတယ်။

မကြာခင်မှာ အဲဒီ အဖွဲ့တွေနဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

ဒီလိုပြောဆိုခဲ့တာနဲ့ပတ်သက်လို့ TNLA တအာင်းပလောင် တပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာ့အိုက်ကျော်က စစ်တပ်နဲ့ သူတို့ကြား လက်နက်စွန့်ရေးဆိုတာနဲ့ ပတ်သက်လို့ နှစ်ဘက်ညှိနေခဲ့ရတာကြောင့် နှစ်ဘက်ဆွေးနွေးရေးကိစ္စ ကြန့်ကြာနေခဲ့ခဲ့ပေမယ့် အခု လက်နက်စွန့်စရာမလိုတော့ဘူးဆိုတာကြောင့် သူတို့အတွက် ပိုအဆင်ပြေတယ်လို့ ပြောပါတယ်။

လက်နက်စွန့်ဖို့ မလိုဘူး ဆိုပေမဲ့ လက်နက်စွန့်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာပြရမယ်လို့ ပြောတာနဲ့ပတ်သက်လို့တော့ သူတို့အနေနဲ့ မရှင်းလင်းဘူးလို့ ဆိုပါတယ်။

လက်နက်ကိုင်တဲ့ လမ်းစဉ်ဟာ မှန်ကန်တဲ့လမ်းစဉ်မဟုတ်ဘူးဆိုတာ လက်ခံထားပေမယ့် သူတို့အနေနဲ့ နိုင်ငံရေးအာမခံချက် တစုံတရာ မရှိသေးဘဲနဲ့ လက်နက်စွန့်ဖို့ဆိုတာက ခဲယဉ်းတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ် ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ဘက် တွေ့ဆုံဆွေးနွေးမှ ပိုပြီးအဆင်ပြေမယ့် သဘောရှိတယ်လို့ ဆိုပါတယ်။

နှစ်ဘက်တွေ့ဆုံဖို့ကိုတော့ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ စလုံးက သဘောတူလက်ခံထားပြီးဖြစ်လို့ ၃ ဖွဲ့လုံးနဲ့ တပြိုင်နက်တွေ့မယ်လို့ ဆိုပါတယ်။ ဘယ်နေ့ ဘယ်ရက် ဘယ်နေရာမှာ တွေ့မယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

သူတို့ဘက်က ပန်ဆန်းသို့မဟုတ် မိုင်းလားကို အဆိုပြုထားပေမယ့် အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။