ဧရာဝတီတိုင်းထဲမှာ ရေကြီးမှုတွေ ကြုံနေ

  • 6 ဩဂုတ် 2016
myanmar_flood
Image caption ဧရာဝတီတိုင်းမှာ ရေကြီး

ဧရာဝတီမြစ်ရေတက်လို့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး အခုတော့ ဒီရေတွေဟာ မြစ်ဝကျွန်းပေါ်ဒေသကို ရောက်လာနေတဲ့အတွက် ဧရာဝတီတိုင်းထဲမှာ ရေကြီးမှုတွေ ကြုံနေရတာဖြစ်ပါတယ်။

အခု ဧရာဝတီတိုင်းထဲက ပုသိမ်၊ ဟင်္သာတနဲ့ မအူပင်ခရိုင် (၃)ခုက မြို့နယ်ပေါင်း (၁၆)မြို့နယ်ကို အရေးပေါ်နေရာတွေ အဖြစ် သတ်မှတ်ထားပါတယ်။ ဒီကနေ့မှာတော့ အဲဒီခရိုင် (၃)ခုက ရေဘေးအခြေအနေ စိုးရိမ်နေရတဲ့ မြို့တွေကို တိုင်းအစိုးရဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ သွားခဲ့ပါတယ်။

လောလောဆယ်မှာ ကြံခင်း၊ ဟင်္သာတ၊ မြန်အောင်၊ ကျောင်းကုန်း၊ ဓနုဖြူ၊ မအူပင် ၊ ပန်းတနော် စတဲ့ မြို့တွေမှာ မြစ်ရေတက်နေပြီး ညောင်တုန်းမြို့ပေါ်မှာတော့ တာကျိုးပေါက်နိုင်တဲ့ အခြေအနေ စိုးရိမ်ရလို့ မြို့ပေါ်စာသင်ကျောင်းတွေကို ပိတ်ထားရပါတယ်။ အဲ့ဒီမြို့တွေက ကျေးရွာတွေမှာ ရေတွေဝင်နေပြီး တချို့ဆို ရွာလုံးကျွတ်ရေမြုပ် နေတဲ့ အတွက် အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေရပါတယ်။

ရေဘေးဒဏ်သင့်နေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက စာရင်းကောက်ယူမှုတွေကို ဒီကနေ့မှာ စလုပ်နေပါတယ်။

မြန်မာနိုင်ငံအနှံ့မြစ်ရေတိုးမှုဟာ တလနီးပါးလောက်ရှိနေပြီး အခုဆိုရင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ရေကြီးမှုတွေ ဆက်ဖြစ်နေပါတယ်။ အခုချိန်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ တနိုင်ငံလုံးမှာ ရေဘေးသင့်သူ (၂)သိန်း (၃)သောင်းကျော် ရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။