၈၈၈၈ က မျှော်မှန်းခဲ့တဲ့ ပန်းတိုင် အပြည့်အဝ မရောက်သေး

  • 8 ဩဂုတ် 2016
8888_rangoon_townhall ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မြို့တော်ခမ်းမရှေ့က အထိမ်း အမှတ်ပွဲမှာ မျိုးဆက်သစ် တွေလည်း တက်ရောက်

၁၉၈၈ ခုနှစ်က တစ်ပါတီ အာဏာရှင် စံနစ် ဖြုတ်ချရေးမှာ လူထု တစ်ရပ်လုံး ပါဝင် ခဲ့ကြတဲ့ ၈ လေးလုံး လူထု အုံကြွမှု ၂၈ နှစ် ပြည့် အထိမ်းအမှတ် ပွဲတွေကို ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေ အပါအဝင် မြန်မာ နိုင်ငံ တဝန်း ကျင်းပခဲ့ကြပါတယ်။

၈ လေးလုံး လူထု အရေးတော်ပုံကနေ အခြေတည်ခဲ့တဲ့ အန်အယ်ဒီ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပြီး ရန်ကုန် မြို့တော် ခမ်းမရှေ့က အထိမ်း အမှတ်ပွဲမှာ ၈ လေးလုံး ကာလက ပါဝင်ခဲ့ကြသူတွေနဲ့ မျိုးဆက်သစ်တွေ တက်ရောက် ခဲ့ကြပါတယ်။

မန္တလေးမှာတော့ ၃၁လမ်းမှာရှိတဲ့ ဓမ္မသာလာခန်းမမှာ ရှစ်လေးလုံး အထိမ်းအမှတ် ကျင်းပခဲ့ရာမှာ နိုင်ငံရေး အဖွဲ့ပေါင်းစုံက သဝဏ်လွှာတွေ ဖတ်ခဲ့ကြပြီး ၈ လေးလုံး လှုပ်ရှားမှုမှာ ကိုယ်တိုင် ပါခဲ့သူတွေက အမှတ်တရ စကားတွေပြောခဲ့ကြပါတယ်။

တစ်နိုင်ငံလုံး အုံကြွ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ၈၈ အရေးတော်ပုံမှာ ဦးဆောင်ခဲ့သူ တစ်ယောက် ဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က အဲဒီ အချိန်က ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ဆိုတာ တွေကို နားမလည်ခဲ့သေးပေမဲ့ တရားမှုနဲ့ မတရားမှုကို ခွဲခြား သိခဲ့ကြပြီး ဘယ်သူ့မှ တိုက်တွန်းစရာမလိုဘဲ လူထုတစ်ရပ်လုံး ပါဝင်ခဲ့ကြတာ ဖြစ်တယ်လို့ ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းရာမှာ ပြောခဲ့ပါတယ်။

"သာမန်လူတွေဟာ အသက်စွန့်ပြီး လမ်းမပေါ်မှာ လှုပ်ရှားသူက လှုပ်ရှားတယ်၊ ဘဝတွေကို ရင်းပြီး ကူညီခဲ့ကြတယ်၊ အဲဒီ ကူညီတဲ့လူတွေ မရှိဘဲနဲ့တော့ နေ့တိုင်း လူလှိုင်းလုံးကြီးက မတက်လာလောက်ဘူး" လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒါ့အပြင် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ အရေးတော်ပုံကြီးကို ထောက်ပံ့ခဲ့တာ မဟုတ်ဘဲ အရပ်ထဲက သာမန်ပြည်သူတွေရဲ့ စွန့်စားမှု၊ ရဲစွမ်း သတ္တိနဲ့ ညီညွတ်မှု အားကြောင့် ဖြစ်လာခဲ့တာလို့ သူက ပြောပါတယ်။

၈ လေးလုံး ကနေ အစပြုခဲ့ပြီး ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့ မျှော်မှန်းချက်မှာ လိုလားတဲ့ အဆင့် အထိ မရောက်နိုင်သေး ပေမဲ့ ပြည်သူတွေ မကျေနပ်တာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောခွင့်ရနေပြီ၊ သတင်းသမား တွေလည်း သိချင်တာတွေကို မေးမြန်းပြီး လွတ်လွတ်လပ်လပ် တင်ပြနိုင်နေတဲ့ အခြေခံ အခွင့် အရေးတွေ ရနေကြပြီလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒါဟာမြန်မာ ပြည်သူတွေ ကိုယ်စီ အနစ်နာခံ အင်အား စိုက်ထုတ်ခဲ့မှုတွေကနေ ရလာတဲ့ အသီးအပွင့်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ