စိတ်ကြွဆေးဟာ အာရှမှာ အကြီးဆုံး မူးယစ်ဆေး ပြဿနာ ဖြစ်လာ

  • 9 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption စိတ်ကြွဆေး ကုန်ကြမ်းတွေ အိန္ဒိယ ဖက်က ပိုဝင်တယ်လို့ UNODC ကဆို

အာရှဒေသမှာ မက်တာအမ်ဖီတာမင်း စိတ်ကြွဆေးပြားတွေဟာ အကြီးဆုံး မူးယစ်ဆေးဝါး ပြဿနာ ဖြစ်နေပြီလို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ ပိုများလာပြီး မနှစ်က ဖမ်းဆီးမိတဲ့ အမှု အရေအတွက်ဟာ ၂၀၁၁ ခုနှစ်ကထက် ၂ဆခွဲလောက် ပိုများလာပြီး အမှုပေါင်း ၆၄၀၀ လောက် ရှိခဲ့ပါတယ်။

ပြည်တွင်းမှာ ယာဘား လို့ခေါ်တဲ့ အမ်ဖီတမင်း စိတ်ကြွဆေးပြား သုံးစွဲမှုဟာလည်း ပိုများလာတဲ့ လက္ခဏာ တွေ့ရပြီး အခု ၂၀၁၆ ခုနှစ် ဇူလိုင်လအထိ စိတ်ကြွဆေးပြား ၅၁ သန်းနီးပါး ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ပါတယ်။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို ရက် ၁၀၀ စီမံကိန်း ထဲမှာ ထည့်သွင်း ထားပြီး အထူးစီမံချက် တွေ ရေးဆွဲ ဆောင်ရွက် ခဲ့တာကြောင့် ဖမ်းဆီးမှုတွေ ပိုပြီး များပြား လာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဗဟိုက တားဆီးနှိမ်နှင်းရေးဌာန အကြီးအကဲ ရဲမှူးကြီး ရွှေညာမောင် က ဘီဘီစီ ကို ပြောပါတယ်။

အိန္ဒိယ နိုင်ငံ ဖက်ကနေ အမ်ဖီတမင်း စိတ်ကြွ ဆေးပြား ထုတ်လုပ် ရာမှာ သုံးတဲ့ ကုန်ကြမ်းတွေ ပိုဝင် လာနေတယ် ဆိုပြီး UNODC ဖက်ကပြော ဆိုချက်နဲ့ ပတ်သက်လို့ တရုတ်ဖက်က ပိုဝင်တယ်၊ ဒါမှမဟုတ် အိန္ဒိယ ဖက်က ပိုဝင်တယ် ဆိုတာမျိုး ပြောလို့ မရနိုင်ကြောင်း ရဲမှူးကြီး ရွှေညာမောင် ကဆိုပါတယ်။

စိတ်ကြွဆေးပြား သုံးစွဲမှု အပိုင်း မှာတော့ ဖမ်းဆီး ရမိမှု တွေပိုများ လာပြီး နေရာ အနှံ့အပြား မှာ ဖမ်းဆီး ရမိ တဲ့အတွက် သုံးစွဲမှု များလာ တယ်လို့ သုံးသပ် ရကြောင်း သူက ပြောပါတယ်။

မူးယစ် ဆေးဝါး နဲ့ ပတ်သက် လာရင် မြန်မာ နိုင်ငံမှာ အရေးယူမှု တွေဟာ နှစ်ရှည် ထောင်ဒဏ် တွေကနေ သေဒဏ် အထိ ပြင်းထန် တဲ့ အပြစ်ပေးမှုတွေ ရှိနေကြောင်း နဲ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး နဲ့ ပတ်သက်တဲ့ မူဝါဒ တွေကို ပြန်လည် သုံးသပ် ပြင်ဆင် ဖို့ ရှိကြောင်း လည်း ရဲမှူးကြီး ရွှေညာမောင် ကပြောပါတယ်။

ဒါပေမယ့်လည်း မူးယစ်ဆေးဝါး ပပျောက် ရေး အတွက် တားဆီး နှိမ်နှင်းမှု တခုတည်းနဲ့ ဆောင်ရွက်လို့ မရ နိုင်ကြောင်းနဲ့၊ ဆေးဝါးကုသရေး၊ ပြန်လည် ထူထောင်ရေး၊ မူးယစ်ဆေးဝါး နဲ့ဆက်နွယ်နေတဲ့ အောက်ခြေ လူတန်းစားတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေး တွေကို ပါ ဆောင်ရွက် နိုင်ဖို့လိုကြောင်း သူက ထောက်ပြ ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မြန်မာ နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ကျဆင်း လာတာကိုလည်း ရဲမှူးကြီး ရွှေညာမောင် က ရှင်းပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ