ငြိမ်းချမ်းရေးကောင်စီနဲ့ လက်နက်ကိုင် ၃ ဖွဲ့ ပထမဆုံး ဆွေးနွေး

  • 9 ဩဂုတ် 2016
TNLA ဓာတ်ပုံ မူပိုင် AP
Image caption ၂၁ ရာစု ပင်လုံမှာ PSLF/TNLA ဖက်က တအာင်း ပြည်နယ်ရရှိရေး တောင်းဆိုဖို့ရှိ

မြန်မာ အစိုးရ တပ်မတော်နဲ့ မကြာခဏ ထိတွေ့ ပစ်ခတ်မှုတွေရှိနေပြီး အပစ်ရပ် စာချုပ် လက်မှတ် မထိုးရသေးတဲ့ PSLF/TNLA ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ MNDAA ကိုးကန့်နဲ့ AA ရခိုင် တပ်မတော် စတဲ့ သုံးဖွဲ့နဲ့ အစိုးရဘက်က ငြိမ်းချမ်းရေး ကော်မရှင်တို့ မိုင်းလားမှာ သြဂုတ်လ ၉ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

ဩဂုတ်လ ၃၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို အဲဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲတွေ ဘယ်လို ပုံစံနဲ့ ပါဝင်လာမယ် ဆိုတာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

PSLF/TNLA အဖွဲ့က မိုင်အိုက်ကျော်ကတော့ အစိုးရ ဖက်က ၂၁ရာစု ပင်လုံကို ဘယ်လိုပုံစံနဲ့ ကျင်းပမယ်ဆိုတာ ခုချိန်ထိ သူတို့ တို့မသိရသေးကြောင်းနဲ့ လက်နက်စွန်ဖို့ ဆိုတဲ့ ကိစ္စမှာ အစိုးရ ဖက်က ဘယ်လို့ပုံစံ ထားမလဲ ဘယ်လို ကတိကဝတ် ပေးမလဲ ဆိုတာလည်း မသိရသေးဘူးလို့ ပြောပါတယ်။

ဒါကြောင့် ဆွေးနွေးမှုတွေ မပြတ်သေးတဲ့ အချိန်မှာလက်နက်စွန့်ဖို့ ပြောလာတာ အလွန် ခက်ခဲတဲ့ လမ်းကြောင်းဖြစ်တယ်လိုလည်း သူက ပြောပါတယ်။

သြဂုတ်လ ၉ ရက်နေ့ အစည်းဝေးအပြီးမှာ နှစ်ဖက် ဘာတွေသဘောတူ လိုက်နိုင်တယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ပလောင် အဖွဲ့က ဥက္ကဋ္ဌ တာအိုက်ဘုန်းနဲ့ ဒုတိယ ဥက္ကဌ တာဂျုတ်ဂျာ တက်ရောက်ပြီး ကိုးကန့် အဖွဲ့ဖက်က ဦးဖုန်ကြားရှင်၊ ရခိုင် အေအေဖက်က စစ်ဦးစီးချုပ် ဦးထွန်းမြင့်နိုင်တို့ တက်ရောက်တယ်လို့ ပလောင် အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးကော်မရှင် ရဲ့ အပြောအရ အစိုးရ ဖက်က ဒီသုံးဖွဲ့ကို လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်ဖို့ ကတိကဝတ်တောင်းတာ သာဖြစ်ပြီး ချက်ချင်းလက်နက် စွန့်ခိုင်းဖို့ မဟုတ်တဲ့အကြောင့် ပြောပါတယ်။

ဒီသုံးဖွဲ့ ပါလာရင် အရင် အစိုးရ လက်ထက်က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အဖွဲ့ တချို့ လက်မှတ်မထိုးနိုင်တဲ့ အချက်ပြေလည် သွားတယ်လို့ဆိုနိုင်မှာပါ။

ဒါပေမဲ့ ၂၁ရာစု ပင်လုံမှာ PSLF/TNLA ဖက်က တအာင်း ပြည်နယ်ရရှိရေး တောင်းဆို တင်ပြ ဖို့ရှိသလို ဘယ်အချိန်မှာ ဘယ်လို လက်နက်စွန့်ကြမယ်၊ ဖက်ဒရယ် ကို ဘယ်လိုပုံစံတည်ဆောက်ကြမယ် ဆိုတာတွေက ဆက်လက်ဆွေးနွေးစရာတွေ အဖြစ်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ