၂၁ ရာစုပင်လုံမှာ ဘယ်သူတွေ ပါခွင့် ရကြမလဲ

  • 10 ဩဂုတ် 2016
Burma Peace Meeting
Image caption ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားများ

သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ ဘယ်သူတွေ တက်ခွင့် ရမယ် ဆိုတာနဲ့ ပတ်သက်လို့ ပြောဆိုမှုတွေ ရှိနေချိန်မှာပဲ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက အဲဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ သြဂုတ်လ ၁၀ ရက်နေ့က ရှင်းလင်းခဲ့ councilပါတယ်။

အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က မေးမြန်းခဲ့ရာမှာ ဦးကျော်တင့်ဆွေက ငြိမ်းချမ်းရေး ညီလာခံကို ကိုယ်စားလှယ် ၇၀၀ လောက် တက်မယ်လို့ မျှော်မှန်း ထားကြောင်း ဖြေခဲ့ပါတယ်။

ယခင် အစိုးရ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် အရ သတ်မှတ်ထားတဲ့ အစိုးရ ကိုယ်စားလှယ် ၇၅ ယောက်၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ယောက်နဲ့ တပ်မတော် ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ၁၅၀၊ တရားဝင် နိုင်ငံရေး ပါတီ တွေက ကိုယ်စားလှယ် ၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဆိုတာကို ပြန်လည် သုံးသပ်မယ်လို့ သူက ပြောပါတယ်။

အဲဒီ အစု အဖွဲ့ ၇ ဖွဲ့ ကိုယ်စားပြု ပါဝင်ရေး ကိစ္စကို လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် သုံးသပ်တဲ့ အစည်း အဝေးမှာဆွေးနွေးဖို့ ရှိပါတယ်။

အဲဒီ အစည်းအဝေးတက်ဖို့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ မထိုးရသေးတဲ့ အဖွဲ့တွေအပြင် ဝနဲ့မိုင်းလားအဖွဲ့ တို့ကိုပါ အစိုးရကဖိတ်ထားပါတယ်။

ဒီဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေကို သြဂုတ်လလယ် ပိုင်းမှာ ကျင်းပမဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC ) အစည်းအဝေးမှာ ဆုံးဖြတ် မှာဖြစ်ပြီး အဲဒီ အချိန်ကျမှသာ တက်ရောက်ခွင့်ရမယ့် သူတွေကို တိတိကျကျသိရမယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။

ငြိမ်းချမ်းရေးကောင်စီနဲ့ လက်နက်ကိုင် သုံးဖွဲ့ ဆွေးနွေးမှု အခြေအနေ
ဓာတ်ပုံ မူပိုင် AP
Image caption NCA မှာ မပါခဲ့တဲ့ TNLA နဲ့ တိုင်းရင်းသား သုံးဖွဲ့က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လိုတယ်လို့ဆို

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် မရခဲ့တဲ့ PSLF/TNLA တအာင်း ပလောင် အဖွဲ့ MNDAA ကိုးကန့်အဖွဲ့ နဲ့ AA ရခိုင်အဖွဲ့တို့ အခု လာမယ့် ၂၁ ရာစု ပင်လုံမှာ ပါဝင်လာနိုင်ရေး ကြိုးပမ်းတဲ့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့မှုမှာ အစိုးရ ဖက်က တောင်းဆိုတဲ့ "လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်လိုတဲ့ ဆန္ဒ ရှိပါတယ်" ဆိုပြီး ကြေညာချက် ထုတ်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေ ဖက်က ဝေါဟာရ အသုံး အနှုန်း ပြင်ဆင်လိုတယ်လို့ ပြောပါတယ်။

"လက်နက်ကိုင် လမ်းစဉ်" ဆိုတဲ့ စကားရပ် အစား တိုင်းရင်းသားတွေ ဖက်က "လက်နက်ကိုင် ပဋိပက္ခ" လို့ ပြင်ဆင်လိုကြောင်း အစိုးရ ဖက်ကို တင်ပြလိုက်တယ်လို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး တာဖုန်းကျော်က ပြောပါတယ်။

တွေ့ဆုံမှုက ငြိမ်းချမ်းရေး အတွက် ကောင်းတဲ့ ခြေလှမ်းလို့ TNLA က ပြောပေမဲ့ အစိုးရ ဖက်က ထုတ်ပြန်ခိုင်းတဲ့ ကြေညာချက် မထုတ်နိုင်သေးသမျှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါလို့ မရနိုင်သေးဘူးလို့ သူက ပြောပါတယ်။