ရီယို အိုလံပစ်မှာ စန်းယုထွေး မြားပစ် နောက်ဆုံး ၁၆ ယောက် အဆင့်ထဲ ပါပြီ

_archery_san_yu_htwe_
Image caption စန်းယုထွေးဟာ ဖင်လန်နဲ့ အမေရိကန်က ပြိုင်ဘက်တွေကို အနိုင်ရခဲ့။

ရီယို အိုလံပစ် ပွဲတော်ရဲ့ အမျိုးသမီး တစ်ဦးချင်း မြားပစ် ပြိုင်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ အားကစားမယ် စန်းယုထွေးဟာ နောက်ဆုံး ၁၆ ယောက် အဆင့်ထိ တက်ရောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၁ ရက် ကြာသပတေးနေ့ မှာတော့ စန်းယုထွေးဟာ ၁၆ ယောက် အဆင့် ပြိုင်ပွဲ အနေနဲ့ ကိုးရီးယား က မြားပစ် အားကစားမယ် နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

အခုလို နောက်ဆုံး ၁၆ ယောက် အဆင့်ကို ရောက် ရှိလာဖို့ မြန်မာ အားကစားမယ် စန်းယုထွေးဟာ ၆၄ ယောက် အဆင့် ပထမပွဲမှာ ဖင်လန် က ပြိုင်ဘက်ကို အနိုင်ယူပြီး၊ ၃၂ ယောက် အဆင့်မှာလည်း အမေရိကန် ကို အနိုင် ရခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေး နေ့မှာ စန်းယုထွေးရဲ့ မြားပစ် ပြိုင်ပွဲ ရှိ နေသလို၊ ရန်နိုင်စိုးရဲ့ ကီလို ၁ဝဝ တန်း အမျိုးသား ဂျူဒို ပြိုင်ပွဲနဲ့ ၊ အသက် ၁၅ နှစ် အရွယ် သင့်မြတ်ရဲ့ အမျိုးသား ရေကူး ပြိုင်ပွဲ တွေ လည်း ရှိနေပါတယ်။

ရီယို ၂၀၁၆ မြန်မာ အိုလံပစ် အသင်း ထဲမှာ တစ်ဦးတည်းသော အရည်အချင်း စစ် အောင်မြင်ပြီး ဝင်ရောက် ယှဉ်ပြိုင်သူ ဖြစ်တဲ့ သေနတ်ပစ် သမား ရဲထွန်းနောင် ကတော့ ၁ဝ မီတာနဲ့ မီတာ ၅ဝ ပြိုင်ပွဲ တွေ မှာ နောက်ဆုံး ဗိုလ်လုပွဲ တက်ရသူ တွေ ထဲ မပါဝင် နိုင်ခဲ့ ပေမယ့်၊ ရမှတ် တွေ ကောင်းခဲ့တယ် လို့ မြန်မာ အိုလံပစ် အဖွဲ့ ခေါင်းဆောင် ဦးသက်လွင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ