မြန်မာမြားပစ်အားကစားမယ် စန်းယုထွေးရဲ့ အတွေ့အကြုံ

  • 11 ဩဂုတ် 2016
san_yu_htwe_ ဓာတ်ပုံ မူပိုင် epa
Image caption မြန်မာ မြားပစ် အားကစားမယ် စန်းယုထွေး

မြန်မာ မြားပစ် အားကစားမယ် စန်းယုထွေး ဟာ သြဂုတ်လ ၁၁ ရက်နေ့ က ၁၆ ယောက် အဆင့် ပြိုင်ပွဲ မှာ တောင်ကိုးရီးယား မှ Ki Bo Bae နဲ့ ယှဉ်ပြိုင်ရာ မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ တောင်ကိုးရီးယား အမျိုးသမီး မြားပစ် အားကစားမယ်တွေ ဟာ ကမ္ဘာ့ ချန်ပီယံ အဆင့်ဝင်တွေ ဖြစ်တဲ့ အတွက် သူတို့နဲ့ ယှဉ်ပြိုင်ကစားခွင့် ရခဲ့လို့ လေးစား အားကျဘွယ်၊ စံထားသူတွေ ထံမှ အတွေ့အကြုံသစ် တွေ ရခဲ့ပုံ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

အထူးသဖြင့် တောင်ကိုးရီးယား အားကစားမယ် တွေ အပေါ် ဂုဏ်ယူ အားကျဘွယ်ရာ အဖြစ်မြင်ခဲ့သလို တဖက် မှာလည်း စိတ်ဓါတ်ပိုင်း ဆိုင်ရာ အများကြီး ပြင်ဆင်ဖို့ လိုသေးကြောင်း စန်းယုထွေး က သုံးသပ်ပြပါတယ်။ သူ့ ရဲ့ အားနည်းချက် ကို ပြောပြရာ မှာ တော့ မြားပစ်တဲ့ နည်းပညာပိုင်းဆိုင်ရာ မှာ စက္ကန့် ၂၀ အတွင်း ပစ်မှတ် စက်ဝိုင်း ကို ချိန်ရာမှာ အနည်းငယ် အချိန်အဆ လွဲသွားတဲ့ အတွက် ပြင်ဆင်ချိန် မရလိုက်တဲ့ အဆုံး မှာ မြားကို ပစ်ထုတ် လိုက်ရတဲ့ အတွက် ပစ်မှတ် လွဲ သွားရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခြားပြိုင်ပွဲဝင် မြားပစ် အားကစားမယ်တွေ နဲ့ နည်းပညာပိုင်းဆိုင်ရာ မကွာလှပေမဲ့ စိတ်ဓါတ် ကြန့်ခိုင်မှု ရှိအောင် လေ့ကျင့် မွေးမြူဖို့ လိုကြောင်း၊ စန်းယုထွေး က သုံးသပ်ပြပါတယ်။ တောင်ကိုးရီးယား အမျိုးသမီး မြားပစ် အဖွဲ့ က ရွှေတံဆိပ် သုံးခု နဲ့ ဗိုလ်ဆွဲသွားခဲ့ပါတယ်။

စန်းယုထွေးဟာ မကွေးတိုင်း ယောမြို့နယ် ကျောက်ထု မြို့ ဇာတိ ဖြစ်ပေမဲ့ ဖခင်ဖြစ်သူ အလုပ် တာဝန်ကျ ရာ မင်းတပ်မြို့ မှာ ကြီးပြင်း ခဲ့ရတဲ့ အတွက် မင်းတပ် မှ တဆင့် ရီယို အိုလံပစ် ပွဲတော် အထိ ပါဝင် ခဲ့ပြီး မြားပစ် အားကစားမယ် ၆၄ ဦး ယှဉ်ပြိုင် ခဲ့ရာမှ ၁၆ ယောက် အဆင့် ထိ တက်လှမ်းခဲ့တာပါ။ ပထမ အဆင့် မှာ ဖင်လန် က ပြိုင်ဘက် ကို အနိုင်ရခဲ့ပြီး ၃၂ ယောက် အဆင့် မှာ အမေရိကန် ကို အနိင်ရခဲ့တာပါ။

အမျိုးသား ဂျူဒို ကီလို ၁၀၀ တန်း မှာတော့ နောက်ဆုံး ၁၆ ယောက် အဆင့် မှာ မြန်မာ နိုင်ငံ မှ ရန်နိုင်စိုး ကို ဂျာမနီ မှ Karl Richard Frey က အနိုင်ရလိုက်ပါတယ်။