လက်နက်ကိုင် ၃ ဖွဲ့ လိုလားတဲ့ ဝေါဟာရ ပြင်ဆင်ဖို့ အစိုးရလက်မခံ

UPDJC
Image caption မူဘောင် ဆွေးနွေးရာမှာ UPDJC မှာပါတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင် ၁၆ ယောက် တက်ရောက်ခဲ့

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ MNDAA ကိုးကန့် ၊ TNLA တအာင်း ပလောင် အဖွဲ့နဲ့ AA ရခိုင် အဖွဲ့တို့ မိုင်းလားမှာတွေ့ဆုံခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွေးနွေးမှုဟာ အောင်မြင်တဲ့ ရလဒ်တစ်ခု ထွက်ပေါ်မလာခဲ့သေးပါဘူး။

အစိုးရက တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်နိုင်ရေးမှာ စကားလုံးအသုံးနှုန်း အရ အဆင်မပြေလို့ သဘောတူညီမှု မရတာလို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖက်က ပြောပါတယ်။

အစိုးရကလည်း သူတို့ရဲ့ အရင်မူ အတိုင်းပဲ သွားမှာ ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့တုံပြန်မှုကို စောင့်နေတယ် လို့ပြောပါတယ်။

အဲဒီ သုံးဖွဲ့နဲ့ ဗိုလ်ချုပ် ဟောင်းတွေဖြစ်ကြတဲ့ ဦးခင်ဇော်ဦး၊ ဦးသိန်းဇော်နဲ့ ဦးအောင်ကြည်တို့ ပါဝင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေ မိုင်းလား ကိုသွားရောက် တွေ့ဆုံခဲ့ အပြီးမှာ အစိုးရ ဘက်က ပြောင်းလဲဖို့ မရှိတဲ့ အကြောင်း ထပ်ပြောလိုက်တာဖြစ်ပါတယ်။

အဲဒီ သုံးဖွဲ့က ၂၁ ရာစု ပင်လုံမှာ ပါဝင် နိုင်ရေး အတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်ဖို့ ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ဖို့ မူအားဖြင့် သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ စကားလုံး ရွေးချယ်ရာ မှာတော့ အစိုးရနဲ့ အဲဒီတိုင်းရင်းသား သုံးဖွဲ့ ကြားမှာ သဘောတူညီချက် မရခဲ့ပါဘူး။

အစိုးရဖက်က ဖြစ်စေချင်တဲ့ "လက်နက်ကိုင် လမ်းစဉ်" ဆိုတဲ့ အသုံးအနှုန်းကို တိုင်းရင်းသားတွေ ဖက်က "လက်နက်ကိုင် ပဋိပက္ခ" လို့ ပြင်ဆင်လိုတာ ဖြစ်ပြီး နှစ်ဖက် ခေါင်းဆောင်တွေကို ဆက်လက် တင်ပြမယ် ဆိုပြီး ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ ကြတာပါ ဖြစ်ပါတယ်။

လက်နက်ကိုင်ပြီး နိုင်ငံရေး အခွင့် အလမ်း တောင်းဆိုတဲ့နည်းလမ်းကို စွန့်လွှတ်ပါတယ် ဆိုတဲ့ ကတိကဝတ် ပေးဖို့ အစိုးရက လိုလား တာလို့ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီလိုကြေညာချက် မထုတ်နိုင်သေးအတွက် သြဂုတ်လ ၁၁ ရက်နေ့က စတင်ကျင်းပ နေတဲ့ နိုင်ငံရေးမူဘောင် သုံးသပ်ရေး ဆွေးနွေးပွဲမှာ အဲဒီသုံးဖွဲ့ ပါဝင်ခွင့် ရမှာ မဟုတ်ဘဲ ၂၁ ရာစု ပင်လုံမှာ ပါဝင်ရေးဟာလည်း ခက်ခဲသွားနိုင်ပါတယ်။

မိုင်းလားတွေ့ဆုံပွဲမှာ TNLA ဥက္ကဌ ဦးတာအိုက်ဖုန်း၊ AA ဥက္ကဌ ဦးထွန်းမြတ်နိုင်၊ MNDAA ဥက္ကဌ ဦးဖုံတာရွှင် ၊MNDAA အတွင်းရေမှူး ဦးထွန်းမြတ်လင်း တို့ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးမှုတွေ မပြီးပြတ် သေးပေမဲ့ အစိုးရဖက် က ၂၁ ရာစု ပင်လုံ ကို သတ်မှတ်ရက်အတိုင်း ကျင်းပသွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ