ရခိုင်မင်းပြားက စေတီတဆူပြိုကျ

  • 11 ဩဂုတ် 2016
minbya ဓာတ်ပုံ မူပိုင် bbc burmese
Image caption ရခိုင်ပြည်နယ် မြောက်ပိုင်းက မင်းပြား

ရခိုင်ပြည်နယ် မင်းပြား မြို့နယ်မှာ ဘုရားရှင်ရဲ့ မျက်ရိုးတော်ကို ဌာပနာထည့် တည်ထားတဲ့ ရှေးဟောင်း စေတီတော် တဆူဟာ မိုးအဆက်မပြတ် ရွာရာကနေ လုံးဝ ပြိုလဲ ပျက်စီးပြီး မြေခ သွားခဲ့တယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းမှာ တည်ရှိတဲ့ ရှေးဟောင်း မျက်ရိုးတော်ဓာတ် စေတီတော်ဟာ ဩဂုတ်လ ၁ဝ ရက်နေ့ ညနေပိုင်းမှာ လုံးဝ ပြိုလဲ ပျက်စီးသွား ခဲ့ပါတယ်။

စေတီတော်ဟာ ဉာဏ်တော် ပေ ၅ဝ၊ လုံးပတ် ၉၆ ပေ ရှိပြီး ရခိုင်ပြည်နယ်ထဲက သမိုင်းဝင် စေတီ တဆူလည်း ဖြစ်ပါတယ်။

စေတီထဲက ဌာပနာ ကြေးဘုရားသုံးဆူနဲ့ ခဲဘုရား ၂၅ ဆူ ရရှိပြီး ကျန်တဲ့ ဌာပနာတွေက စေတီရဲ့ အောက်ပိုင်းမှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

စေတီပြိုကျတဲ့ နေရာကို မြောက်ဦးခရိုင်မှူး၊ မြို့နယ်ထွေအုပ်နဲ့ တာဝန်ရှိသူတွေ၊ ရှေးဟောင်းသုတေသနက တာဝန်ရှိသူတွေ၊ သာသနာရေး ဝန်ကြီးဌာနက သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

ဒီစေတီဟာ ယခင်ကလည်း ပြိုကျတာတွေ ရှိတဲ့အတွက် ပြုပြင်ခဲ့ရတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီစေတီတော်ပြိုကျတာနဲ့ ပတ်သက်ပြီး ပြည်နယ်ကို တင်ပြမှာ ဖြစ်ပြီး ပြည်နယ်က ညွှန်ကြားချက် ရောက်မှသာ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာကို သိရှိနိုင်မယ်လို့ မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု သုတေသန ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က ပြောဆိုသွားပါတယ် ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ