ရန်ကုန် စမ်းချောင်းမှာ ဓားထိုးတိုက်ခိုက်

  • 11 ဩဂုတ် 2016
yangon ဓာတ်ပုံ မူပိုင် epa
Image caption ရန်ကုန် ညဘဝ လုံခြုံရေး စိုးရိမ်စရာရှိ

ဗုဒ္ဓဟူးနေ့က ရန်ကုန် စမ်းချောင်း မြို့နယ်ထဲက လမ်းမပေါ်မှာ လူတွေ နဲ့ ကားတွေ ကို လိုက်ပြီး တိုက်ခိုက် နှောက်ယှက်ခဲ့တဲ့အပြင် အမျိုးသမီး တဦးကို ဓားနဲ့ထိုးခဲ့တဲ့ လူတဦးကို ဝိုင်းပြီး ရိုက်နှက်ခဲ့ကြတဲ့ ဗီဒီယို တခု လူမှု ကွန်ရက်တွေ ပေါ်မှာ ပြန့်နှံ့ ခဲ့ပါတယ်။

facebook ပေါ်မှာတွေ့ရတဲ့ ဗီဒီယိုထဲမှာ အင်္ကျီမပါဘဲ လဲနေတဲ့ လူတယောက်ကို တုတ်တွေနဲ့ဝိုင်းဝန်း ရိုက်နှက် နေတာကို တွေ့ရပါတယ်။

သူက ကားတွေပေါ်တက် ခုန်ပြီး အမျိုးသမီးတဦးကို ဓားနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။ စမ်းခေျာင်း ဝါးခယ်မလမ်းထဲမှာ ယာဉ်ကြော ပိတ်ဆို့နေတဲ့အချိန် ပထမဆုံး တိုက်ခိုက်တာ ခံခဲ့ရတဲ့ကားထဲမှာ ဆရာဝန်ဒေါက်တာ အေးသီတာနဲ့ သူ့ခင်ပွန်းတို့ ရှိနေခဲ့ပါတယ်။

ဒေါက်တာ အေးသီတာက အဲဒီလို အခြေအနေနဲ့ ကားထဲမှာ မိနစ် ၂ဝ လောက် ပိတ်မိနေခဲ့တယ် လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ အရေးပေါ်နံပါတ် ၁၉၉ ကို ဆက်ပေမယ့်လည်း ဖုန်းမကိုင်ခဲ့ တာကြောင့် ကူညီကယ်ဆယ်မယ့်သူ မရှိဘဲ အတော် စိုးရိမ် ထိတ်လန့်ခဲ့ရတယ် လို့ ဒေါက်တာ အေးသီတာက ပြောပါတယ်။

သူတို့ကားကို တိုက်ခိုက်သူဟာ ဒယိမ်းဒယိုင်နဲ့ အရက်သေစာ၊ ဒါမှမဟုတ် မူးယစ်ဆေး တခုခု သုံးစွဲထားတဲ့ပုံရှိတယ်လို့ ကောက်ချက် ချမိကြောင်းလည်း ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ရဲတွေရောက်လာပြီး အသက် ၂၈နှစ် အရွယ် ဇော်ရဲမောင် ဆိုတဲ့ တိုက်ခိုက်သူကို ဖမ်းဆီး ခဲ့ ပါတယ်။

ဓားအထိုးခံရတဲ့ အမျိုးသမီး အသက် အန္တရာယ် မစိုးရိမ်ရတဲ့ဒဏ်ရာနဲ့ ပြင်ပလူနာအနေနဲ့ ဆေးကုသမှု ခံယူ နေတယ် လို့ စမ်းခေျာင်း ရဲစခန်းက ဒုရဲအုပ်သန်းထိုက် က ပြောပါတယ်။

ဇော်ရဲမောင်ဟာ မူးယစ်ဆေး သုံးစွဲထားခြင်း ရှိမရှိ ရဲက တိတိကျကျ မပြောခဲ့ပေမယ့် သူဟာ မူးယစ်ဆေး သုံးစွဲခဲ့သူ ဖြစ်တယ်လို့ သတင်း တချို့မှာ ဆိုထားပါတယ်။

ဒေါက်တာ အေးသီတာ ကတော့ တကယ်လို့သာ အနီးပတ်ဝန်း ကျင်က လူတွေက ကိုယ်ထိလက်ရောက် မဟုတ်ရင်တောင် တစုံတရာ ဝိုင်းဝန်း ဟန့်တား တာမျိုးလုပ်ခဲ့ရင် အခြေအနေ ပိုမဆိုး လာခင် ထိန်းသိမ်းနိုင် လိမ့်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

သူ့အနေနဲ့ နောက်ထပ် အပြင်ထွက်ဖို့ကို စိုးရိမ်နေပြီး နောက်တနေ့မှာ အလုပ်မသွားနိုင် ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။

ဒါဟာ သာမန် ရာဇဝတ်မှုလို့ ယူဆ စရာ ရှိပေမယ့် မြို့လယ်ခေါင်မှာ ဖြစ်ပျက်ခဲ့တဲ့အတွက် လူတွေကို စိုးရိမ်မှုတော့ ဖြစ်စေခဲ့ပါတယ်။

တိုက်ခိုက်သူ ဇော်ရဲမောင်ကို ထိခိုက် ဒဏ်ရာရစေမှု၊ လက်နက်ကိုင်ဆောင်မှု စတဲ့ ရာဇသတ်ကြီး ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ